အီရန်စစ်တပ်က ပြည်တွင်းလုပ် ပစ်မှတ်အား တိကျစွာ ထိမှန်အောင် ထိန်းချုပ်ပစ်ခတ်နိုင်သော အဆင့်မြင့် စမတ်ဗုံး နှစ်မျိုး နှင့် ဒုံးကျည်သစ် တစ်မျိုးကို သြဂုတ် ၆ ရက်တွင် ထုတ်ဖော်ပြသခဲ့ကြောင်း နိုင်ငံပိုင်ရုပ်မြင်သံကြားက ဖော်ပြခဲ့သည်။
Yasin နှင့် Balaban ဟု အမည်ပေးထားသည့် စမတ်ဗုံး နှစ်မျိုး နှင့် Ghaem အမည်ပေးထားသည့် မျိုးဆက်သစ် ဒုံးကျည်တစ်မျိုးကို အီရန်နိုင်ငံကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး Amir Hatami ရှေ့ မှောက်တွင် အခမ်းအနားတစ်ခု၌ ထုတ်ဖော်ပြသခဲ့သည်။
Balaban စမတ်ဗုံးက ခေါက်သိမ်းနိုင်သည့် တောင်ပံများပါပြီး ရောက်ရှိနိုင်သော ခရီးအကွာအဝေးကိုလည်း တိုးမြင့်ပျံသန်းနိုင်အောင် ပုံစံထုတ်ထားခြင်းဖြစ်ကြောင်း Hatami က ဆိုသည်။
၎င်းကို GPS လမ်းပြမြေပုံညွှန်းစနစ် ၊ အာရုံခံစနစ်များ နှင့် ထိန်းချုပ်လျက် လေယာဉ်ကိုယ်ထည်အောက်၌ တွဲချိတ်တပ်ဆင်အသုံးပြုနိုင်ကြောင်း ၄င်း က ဖြည့်စွက်ပြောကြားခဲ့သည်။
Yasin သည် ခရီးဝေးရောက်ရှိနိုင်သည့် လမ်းညွှန်စနစ်သုံး ထိန်းချုပ်ဗုံးအမျိုးအစားဖြစ်ပြီး ၊ ၄င်းသည် မောင်းသူမဲ့လေယာဉ်မှဖြစ်စေ မောင်းသူရှိ လေယာဉ်မှဖြစ်စေ ၅ဝ ကီလိုမီတာအကွာရှိ ပစ်မှတ်များကို ထိမှန်အောင် ပစ်ခတ်နိုင်စွမ်းရှိကြောင်း Hatami က ဆိုသည်။
Ghaem သည်လည်း ဒုံးကျည်တစ်မျိုးဖြစ်ပြီး ပစ်မှတ်ကို တိကျစွာ တိုက်ခိုက်နိုင်စွမ်းရှိကြောင်း ၄င်း ကဆိုသည်။
Ghaem တွင် အပူခံစနစ် နှင့် အမြင်အာရုံထောက်လှမ်းသည့် စနစ် တို့ ဖြင့် မတူကွဲပြားသောအာရုံခံစနစ်တို့ ကို တပ်ဆင်အသုံးပြုထားပြီး မောင်းသူမဲ့လေယာဉ်ငယ်(ဒရုန်း)အမျိုးမျိုး ၊ ရဟတ်ယာဉ်များ နှင့် ဂျက်တိုက်လေယာဉ်များတွင် တပ်ဆင်အသုံးပြုကာ ပစ်မှတ်များကို တိုက်ခိုက်နိုင်စွမ်းရှိကြောင်း ၄င်းကဆိုသည်။
အီရန်ကာကွယ်ရေးဝန်ကြီးက “ အမေရိကန်နိုင်ငံက အီရန် ပြည်သူတွေထိခိုက်နာကျင်အောင်လုပ်ဆောင်မှုနဲ့ ပူးပေါင်းကြံစည်မှုတွေရှိနေလင့်စကား အီရန်ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့  အီရန်နိုင်ငံကို ကာကွယ်ဖို့ ဘယ်တော့မှ လက်တွန့် နေမှာမဟုတ်ပါဘူး”ဟု ပြောကြားခဲ့သည်။(Xinhua)






0 comments:
Post a Comment