
တရုတ်ပြည်မကြီးအစိုးရက တရုတ်ပြည်မကြီးမတွင် လာရောက် အလုပ်လုပ်ကိုင်နေသည့် ဗြိတိသျှ ကုမ္ပဏီတစ်ခု၏ ၀န်ထမ်း ဟောင်ကောင်သားတစ်ဦးကို လွန်ခဲ့သော နှစ်ပတ်ခန့်မှစတင်၍ ဖမ်းဆီး ထိန်းသိမ်းထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သြဂုတ်လ ၂၁ ရက်နေ့တွင် အတည်ပြု ပြောဆိုသည်။
အသက် ၂၈ နှစ်အရွယ် Simon Cheng သည် British Consulate General Hong Kong မှ ၀န်ထမ်းတစ်ဦးဖြစ်ပြီး ၁၅ ရက်ကြာ ဖမ်းဆီးထိန်းသိမ်းထားတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာ ပြောခွင့်ရ ပုဂ္ဂိုလ် Geng Shuang က ပြောဆိုသည်။
"သူက ဗြိတိသျှ နိုင်ငံသားမဟုတ်ပါဘူး။ သူက ဟောင်ကောင်ကပါ။ ဒါကြောင့် သူက တရုတ်နိုင်ငံသားပါ။ ဒါက တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စသက်သက်သာဖြစ်ပါတယ်" ဟု Geng က ပြောသည်။
Simon Cheng ကို တရုတ်လုံခြုံရေးဆိုင်ရာ စီမံခန့်ခွဲမှု၊ အပြစ်ပေးမှု ဥပဒေဖြင့် ဖမ်းဆီးခြင်းဖြစ်ပြီး ယင်းဥပဒေသည် သံသယရှိသူ မည်သူကိုမဆို တရားမစွဲခင်အထိ မေးမြန်းစုံစမ်းခွင့်ပြုထားသည့် ဥပဒေဖြစ်သည်။
Simon Cheng ၏ ရည်းစားဖြစ်သူ Annie Li အဆိုအရ Simon Cheng သည် သြဂုတ်လ ၈ ရက်နေ့ တရုတ်ပြည်မကြီးသို့ ဗြိတိသျှ ကုမ္ပဏီဝန်ထမ်း ကုန်သွယ်ရေးအရာရှိအဖြစ် သွားရောက်စဉ် ပျောက်ဆုံးသွားခဲ့ကြောင်း၊ Simon Cheng သည် အလုပ်ကိစ္စဖြင့် မကြာခဏ ပြည်မကြီးသို့ သွားရောက်ရကြောင်း၊ သူသည် ဗြိတိသျှနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသော ဟောင်ကောင်သားတစ်ဦးဖြစ်ကြောင်း သိရှိရသည်။
Simon Cheng ၏ မိသားစုဝင်များက သြဂုတ်လ ၉ ရက်နေ့တွင် ဟောင်ကောင်ရဲတပ်ဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေး သူပျောက်ဆုံးနေကြောင်း သတင်းပေးပို့ တိုင်ကြားခဲ့ပြီး ဟောင်ကောင်ရဲတပ်ဖွဲ့ကလည်း စုံစမ်းမှုများ လုပ်ဆောင်ခဲ့ရာ ပြည်မကြီးတွင် ဖမ်းဆီးခံနေရသည်ကို သိရှိကြောင်း၊ မည်သည့်အတွက် ကြောင့် ဖမ်းဆီးထားသည်ကို မသိရှိရဟု သတင်းများက ဆိုသည်။
တရုတ်ပြည်မကြီးအစိုးရ ဟောင်ကောင်ဒီမိုကရေစီလှုပ်ရှားမှုကို ပုံစံအမျိုးမျိုးဖြင့် တန်ပြန်နေပြီး မကြာသေးမီက တရုတ်ပြည်မကြီးအတွင်းရှိ ပြည်သူတချို့က လူမှုကွန်ရက် Facebook , Twitter များမှတစ်ဆင့် ဟောင်ကောင်ဒီမိုကရေစီလှုပ်ရှားမှုများကို နာဇီများနှင့် ခိုင်းနှိုင်းမှုများကို ချီးကျူးသြဘာပေးခဲ့သည်။ တရုတ်ပြည်မကြီးတွင် Facebook ကို တရားဝင် သုံးစွဲခွင့်မပြုဘဲ ပိတ်ပင်ထားသော်လည်း ယင်းသို့ ဟောင်ကောင်လှုပ်ရှားမှုများကို နာဇီများဖြင့် ခိုင်းနှိုင်းသော လူမှုကွန်ရက် လှုပ်ရှားမှုကို အားပေးခြင်းဖြစ်သည်။
Facebook နှင့် Twitter ကလည်း တရုတ်ပြည်မကြီး အစိုးရက ကျောထောက်နောက်ခံပေးထားသည့် လူမှုကွန်ရက် အကောင့်များကို ပိတ်ပင်ခြင်း၊ ကြော်ငြာ လက်မခံခြင်းများကို ယမန်နေ့က လုပ်ဆောင်ခဲ့သည်။






0 comments:
Post a Comment