တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာများကို စက်တင်ဘာလကုန် နောက်ဆုံးထားတင်သွင်းရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်က ပြောကြားသည်။
တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာများကို စက်တင်ဘာ ၂ ရက်မှ ၃၀ ရက်အတွင်း ရောင်းချမည်ဖြစ်ပြီး လျှောက်လွှာများအား မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသို့ စက်တင်ဘာ ၃၀ ရက်နောက်ဆုံး ထားတင်သွင်းရမည်ဟု ဦးမျိုးညွန့်က ပြောကြားသည်။
“စက်တင်ဘာ ၂ ရက်ကစပြီး လျှောက် လွှာတွေစရောင်းပြီ။ နောက်ဆုံးတင်သွင်းရမှာကတော့ ၃၀ ရက်နေ့(စက်တင်ဘာ) အထိပေါ့0 ဟု ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်က ပြောကြားသည်။
အခြေခံပညာအထက်တန်းကျောင်းများ၊ ကျောင်းခွဲများ၊ တွဲဖက်ကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသားကျောင်းသူများသည် သက်ဆိုင်ရာကျောင်းအုပ်ကြီးများ ထံမှလည်းကောင်း၊ ပြင်ပမှဖြေဆိုမည့်သူများသည် သက်ဆိုင်ရာမြို့နယ် ပညာရေးမှူးရုံးများမှလည်းကောင်း လျှောက်လွှာများရယူ လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
စာမေးပွဲဝင်ခွင့်လျှောက်လွှာတင်သွင်းရာတွင် ဘာသာတွဲအမှတ် ၁၊ ၅၊ ၆၊ ၇၊ ၈ တို့ဖြင့် ဖြေဆိုမည့်သူများအတွက် အစိမ်းရောင်ဝင်ခွင့်လျှောက်လွှာနှင့် ကတ်ပြားပုံစံဖြင့်လည်းကောင်း၊ ဘာသာတွဲအမှတ်စဉ် ၂၊ ၃၊ ၄ တို့ဖြင့် ဖြေဆိုမည့်သူများအတွက် ပန်းရောင်ဝင်ခွင့် လျှောက်လွှာနှင့် ကတ်ပြားပုံစံဖြင့်လည်းကောင်း အရောင်ခွဲခြားသတ်မှတ်ထားကြောင်း သိရသည်။
မြို့နယ်ပညာရေးမှူးများ၊ အခြေခံအထက်တန်းကျောင်းများ၊ ကျောင်းခွဲများ၊ တွဲဖက်ကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ သတ်မှတ်ရက်မတိုင်မီ စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာကို ကျပ်၂၀၀၊ ငွေသွင်းတံဆိပ်ခေါင်းကို ကျပ် ၇၀၀ ဖြင့် နေပြည်တော်ရှိ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန(ရုံးချုပ်) ရုံးအမှတ် (၅၂) နှင့် ရန်ကုန်တိုင်း လှိုင်တက္ကသိုလ်နယ်မြေရှိ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ရန်ကုန် မြို့အမှတ် (၁၆၆) လသာလမ်းရှိ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတို့၌ ဝယ်ယူရမည်ဖြစ်ကြောင်း သိရသည်။
စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာများတွင် လျှောက်လွှာတင်သွင်းသူသည် နဝမတန်း အောင်မြင်ပြီးဖြစ်ကြောင်း ကျောင်းအုပ်ကြီးများနှင့် မြို့နယ်ပညာရေးမှူးများက ထောက်ခံလက်မှတ်ရေးထိုး၍ တင်သွင်းရမည်ဖြစ်ကြောင်း ဦးမျိုးညွန့်က ပြောကြားသည်။
၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၆ ရက်မှ ၁၅ ရက်အထိ ကျင်းပခဲ့ပြီး လျှောက်ထားသူ ကိုးသိန်းခန့်ရှိရာ ရှစ်သိန်းခွဲကျော်က ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။
Eleven Media Group






0 comments:
Post a Comment