လူဦးရေ ၂၃၃ ဦး လိုက်ပါလာတဲ့ ရုရှားခရီးသည်တင်လေယာဉ် တစ်စင်းဟာ ကြာသပတေးနေ့ က လေဆိပ်က ပျံတက်အပြီး သိပ်မကြာခင်မှာပဲ ငှက်အုပ်တစ်ခုနဲ့  တိုက်မိခဲ့တာကြောင့် မော်စကို မြို့ပြင်က ပြောင်းခင်းတစ်ခုမှာ အရေးပေါ် ဆင်းသက်လိုက်ရကြောင်း သိရပါတယ်။
Ural လေကြောင်းလိုင်းရဲ့ Airbus 321 ခရီးသည်တင်လေယာဉ်ဟာ ဇူကော့ဗ်စကီ နိုင်ငံတကာ လေဆိပ်မှ ပျံတက်ခဲ့တာဖြစ်ပါတယ်။ လေယာဉ်ဟာ သိပ်မကြာခင် ဇင်ယော်အုပ်နဲ့ ၀င်တိုက်မိကာ အင်ဂျင် နှစ်လုံးစလုံး ထိခိုက်ပျက်စီးသွားခဲ့ပြီးနောက် မော်စကို အရှေ့တောင်ဘက် ပြောင်းခင်းတစ်ခုမှာ အရေးပေါ် ဆင်းလိုက်ရတာဖြစ်ပြီး ဖြစ်စဉ်အတွင်း လူ ၂၃ ဦး ဒဏ်ရာရခဲ့ပေမယ့် သေဆုံးခဲ့သူတော့မရှိခဲ့ကြောင်း ရုရှား ကျန်းမာရေးဝန်ကြီးဌာန က ပြောဆိုခဲ့ပါတယ်။
လေယာဉ်အရေးပေါ်ဆင်းသက်နိုင်ခဲ့တဲ့ဖြစ်စဉ်ကို ရာမန်စကီရဲ့ သြချလောက်ဖွယ်ဖြစ်ရပ်လို့  နိုင်ငံပိုင် ရုပ်သံက လေယာဉ်ဆင်းသက်ခဲ့တဲ့ ခရိုင်အမည်ကို အစွဲပြုကာ ချီးကျူးဖော်ပြခဲ့ပါတယ်။ ဖြစ်စဉ်အတွင်း လူတစ်ဦး ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့တယ်လို့  သတင်းရင်းမြစ်တစ်ခုကို ကိုးကားကာ ရုရှား အင်တာဖက် သတင်းကလည်း ဖော်ပြပါတယ်။ ဒါ့အပြင် Komsomolskaya Pravda သတင်းစာကလည်း လေယာဉ်မှူး ဒမ်မီယာ ယူစူပေါ့ဗ်အား သူရဲကောင်းတစ်ဦးအဖြစ် ညွှန်းဆိုခဲ့ပြီး ညာဖက်အင်ဂျင်ရပ်သွားပြီဖြစ်တဲ့ လေယာဉ်ကို ဘီးမချဘဲ ပြောင်းခင်းတစ်ခုမှာ အထူးကျွမ်းကျင်ပြောင်မြောက်စွာ ဆင်းသက်နိုင်ခဲ့ခြင်းဖြင့် လူ ၂၃၃ ဦးရဲ့ အသက်တွေကို ကယ်တင်ခဲ့ကြောင်း ချီးကျူးဖော်ပြခဲ့ပါတယ်။
လေယာဉ် အင်ဂျင်နှစ်ခုလုံးအတွင်း ငှက်တွေ ရောက်ရှိသွားခဲ့ကာ အင်ဂျင်တွေ ရပ်သွား ခဲ့တာကြောင့် လေယာဉ်အမှုထမ်းတွေဟာ လေယာဉ်ကို အရေးပေါ်ဆင်းသက်ခဲ့တာဖြစ်ကြောင်း Ural လေကြောင်းလိုင်း အထွေထွေဒါရိုက်တာ ဆာဂျီ စကူရာတော့ဗ်က ပြောဆိုခဲ့ပါတယ်။
Ref : Reuters
ကိုလင်း ( အကုန်သိ သတင်းဌာန )






0 comments:
Post a Comment