Thursday, August 15, 2019

အာဆီယံနယ်စပ်ဖြတ်ကျော် လမ်းကြမ်းကားမောင်းပြိုင်ပွဲ ကရင်ပြည်ခရီးစဉ်ကို ယာယီရုပ်သိမ်း

အာဆီယံနယ်စပ်ဖြတ်ကျော် လမ်းကြမ်းကားမောင်းပြိုင်ပွဲ ထိုင်းနိုင်ငံအတွင်း သတ်မှတ်လမ်းများ ဖြတ်သန်းမောင်းနှင်ပြီးနောက် ကရင်ပြည်နယ်အတွင်း ဝင်ရောက်ခဲ့သော်လည်း မောင်းနှင်ရမည့်လမ်းကြမ်းမှာ ရေကြီးနစ်မြုပ်နေသောကြောင့် ယင်းခရီးစဉ်ကို ယာယီရုပ်သိမ်းထားရကြောင်း ပြည်နယ်အဆင့် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဦးစီးဌာနထံမှ သိရှိရသည်။
ကရင်ပြည်နယ်အတွင်း လမ်းကြမ်းခရီးစဉ်အနေဖြင့် ကော့ကရိတ်-ရန်ကုတ်-ထီးဖိုးစံ-ဒေါ်လန်း-သာယာကုန်း-ကော့ကသောင်ဂူတို့ကို တောလမ်းအတိုင်း မောင်းနှင်ရမည်ဖြစ်ပြီး ယခုခါတွင်ယင်းကျေးရွာများမှာ ချောင်းရေတိုးမှုများကြောင့် ရေကြီးနစ်မြုပ်နေကြောင်း ယင်းဒေသခံများထံမှ သိရသည်။

“ကရင်ပြည်နယ်ကို ဖြတ်ကျော်ရမယ့် မြေပုံထဲကနေရာတွေကိုသွားဖို့တော့ အခုအချိန်မဖြစ်နိုင်သေးဘူး။ အန္တရာယ်ရှိတဲ့ အနေအထားရှိလို့ အဲ့ဒါကို ဖျက်ထားရတယ်။ နောက်ပိုင်းပြန်လုပ်ဖြစ်မယ်၊ မလုပ်ဖြစ်ဘူးကတော့ မသေချာဘူး။ သူတို့ဘယ်လို စီစဉ်မလဲပေါ့”ဟု ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းကျော်က ပြောကြားသည်။

ယင်းပြိုင်ပွဲခရီးစဉ်ကို ယာယီဖျက်သိမ်းထားသော်လည်း အဆိုပါပြိုင်ပွဲဝင်အဖွဲ့များသည် မြဝတီမြို့မှ ဘားအံမြို့သို့ ရောက်ရှိခဲ့ပြီး နေပြည်တော်သို့ ဆက်လက်ထွက်ခွာကာ အခြားစီစဉ်ထားသောလမ်းကြမ်း ခရီးစဉ်များကို ဆက်လက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းထံမှ သိရှိရသည်။

မြန်မာနိုင်ငံ Bright View ခရီးသွားလုပ်ငန်း၊ Myanmar Myotaw Sports Organization၊ ဂျပန်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ဖြင့် အာရှ (၁၄) နိုင်ငံမှ နိုင်ငံသား(၄၃၈) ဦး၊ မော်တော်ယာဉ် (၁၂၅) စီး၊ မော်တော်ဆိုင်ကယ် (၃၅) စီး၊ ပေါင်း (၁၆၀) စီးတို့ဖြင့်ပြုလုပ်သည့် အဆိုပါ နယ်စပ်ဖြတ်ကျော်ကားမောင်းအဖွဲ့သည်၊ ဩဂုတ်လ ၁၄ ရက် နံနက် ၅ နာရီ ၃၀ ချိန်တွင် မြန်မာနိုင်ငံအတွင်းသို့ စတင်ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး (၂၄) ကြိမ်မြောက် Asia Cross Country Rally (AXCR) 2019၊ နိုင်ငံဖြတ်ကျော် ခရီးကြမ်းကားမောင်းပြိုင်ပွဲဖြစ်ကြောင်း ကရင်ပြည်နယ် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနထံမှ သိရှိရသည်။

စောကျော်ဌေး
The Voice

0 comments:

Post a Comment