
ခရီးသွားပြည်သူများနှင့် ကုန်ပစ္စည်း သယ်ယူပို့ဆောင်နေကြသော ကုန်ကားကြီးများ သည် ဂုတ်တွင်း ယာယီဘေလီတံတားပေါ်မှ ဖြတ်သန်းမောင်းနှင်ကြရာတွင် တံတားကြီး ခိုင်ခံ့ရေးအတွက် သတ်မှတ်ကုန်ချိန် (ယာဉ်+ ကုန် = ၃၆ တန်) သယ်ဆောင်ပြီး စနစ်တကျ ဖြတ်သန်းကြပါရန် ဆောက်လုပ်ရေးဝန်ကြီး ဌာနက သြဂုတ် ၂၂ ရက်တွင် မေတ္တာရပ်ခံ အသိ ပေးချက် ထုတ်ပြန်ခဲ့ သည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချို မြို့နယ်ရှိ အဆိုပါတံတားသည် သြဂုတ် ၁၅ ရက် က မြောက်ပိုင်းမဟာမိတ် ညီနောင်သုံးဖွဲ့၏ ဗုံးခွဲ ဖျက်ဆီးခဲ့မှုကြောင့် ပျက်စီးခဲ့သဖြင့် ယာယီဘေလီတံတားကိုဆောက်လုပ်ရေးဝန်ကြီးဌာနမှ လမ်း/ တံတားအင်ဂျင်နီယာများနှင့် ကျွမ်းကျင်လုပ်သားအင်အား ၂၀၀ ကျော်ဖြင့်Oriental Highways BOT ကုမ္ပဏီမှ အင်ဂျင်နီယာများက စက်၊ ယာဉ်ယန္တရားများဖြင့် တံတားချဉ်းကပ်လမ်းခင်းခြင်းလုပ်ငန်းများနှင့် တံတားသံပေါင်မူလီများကျပ်ခြင်း လုပ်ငန်းများကို နေ့/ည မပြတ်ငါးရက်အကြာ ဆောင်ရွက်ခဲ့ပြီးနောက် သြဂုတ် ၂၀ ရက် မွန်းလွဲ ၁ နာရီမှစ၍အိမ်စီး/ကုန်ကား (ယာဉ်+ကုန်= ၃၆ တန်)များကို စနစ်တကျဖြတ်သန်းခွင့်ပြုခဲ့သည်။
ကုန်ကားကြီးများ (၂၀-၂၂ ဘီး) တွဲကားများကိုလည်း ၃၆ တန် အတွင်းတင်ဆောင်လာပါက တံတားပေါ်မှ ဖြတ်သန်းခွင့်ပြုလျက်ရှိပြီး ၃၆ တန်ကျော် သည့်ကုန်ကားကြီးများသည် သတ်မှတ်ကုန်အလေးချိန်အတွင်းဖြစ်အောင် စနစ်တကျ ကုန်များကဲ့ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာ၍ ဖြတ်သန်း နေကြသည်ကိုလည်း တွေ့ရသည်။
ကုန်ကားကြီးများ (ယာဉ်+ကုန်= ၄၈ တန်)ကို တံတားပေါ်မှ ဖြတ်သန်းခွင့်ပြုနိုင်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနတံတားအင်ဂျင်နီယာများက တံတားပညာရပ်ပိုင်းဆိုင်ရာများ တွက်ချက်၍ဘေလီတံတား သံပေါင်ဒေါက်တန်းများအားဖြည့်ဆောင်ရွက်ခြင်း၊ တံတားအောက်ခြေ အုတ်မြစ်လုပ်ငန်းများတောင့်တင်းရန် ဆောင်ရွက်ခြင်းများကိုရက်ပေါင်း ၃၀ အတွင်း ပြီးစီးအောင်တည်ဆောက်သွားမည်ဖြစ်ကြောင်းနှင့် ၄၈ တန်ယာဉ်များ ဖြတ်သန်းသွားလာ ခွင့်ပြုမည့်ရက်ကို ထပ်မံအသိပေးသွား မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
သတင်း - တင့်ဇော်ထွန်း






0 comments:
Post a Comment