
ကရင်ပြည်နယ် ကော့ကရိတ်မြို့ နယ်အတွင်း ဂျိုင်းမြစ်ရေမြှင့်တက်လာမှုကြောင့် ကျားကလေးနှင့် ကျုံဒိုးကြားလမ်းပေါ် (၅)နေရာတွင် ရေကျော်ရေလွှမ်းနေပြီး ဂျိုင်းမြစ်ရေ စိုးရိမ်ရေအမှတ်အထက်သို့ မြင့်တက်နေမှုကြောင့် ဘောတွဲ( ပွန်းတွန်း)တံတားမှ ဖြတ်သန်းခွင့် ယာယီရပ်ဆိုင်းထားရာ နှစ်ဘက်ယာဉ်ကြောတလျှောက်တွက် ကုန်ကားစီးရေ (၅၀၀) ကျော်ခန့် ပိတ်မိနေကြောင်း သိရသည်။
အဆိုပါနေရာတွင် ယင်းကဲ့သို့ ကုန်ကားများပိတ်မိနေသည်မှာ ၅ ရက်ခန့်ပင်ရှိနေပြီဖြစ်ကြောင်းလည်း သိရသည်။
ကရင်ပြည်နယ်အတွင်း ဘားအံ-ကော့ကရိတ်-မြဝတီလမ်းပိုင်းတွင် လမ်းပိတ်နေသည့်အတွက် ယာဉ်ငယ်များအနေဖြင့် ဘားအံ-ထီလုံ-တာပေါင်-ပတ-နဘူး-တံတားကြိုးကျေးရွာလမ်းဘက်မှသွားလာပါက အဆင်ပြေမည်ဖြစ်ပါကြောင်း၊ လက်ရှိတွင် ဘားအံ-နောင်လုံ-အိန္ဒုလမ်းပိုင်း မြပြည်ရွာတံတား ပျက်စီးနေသဖြင့် ကားကြီးများသွားဖြတ်သန်းခွင့်မရဘဲ ဘေလီတံတား ယာယီထိုးပြီးမှသာ သွားလာခွင့်ပြုနိုင်မည်ဖြစ်ကြောင်း
ပြည်နယ်လမ်းဦးစီးဌာနမှ သိရသည်။
"အခုလက်ရှိကတော့ ကော့ကရိတ်အဝင် မြဝတီအာရှလမ်းမှာ မြဝတီကုန်ကားတွေ အစီးရာချီ ရပ်စောင့်နေရတယ်။ ကျုံဒိုးနဲ့ဂျိုင်းတံတားလမ်းတလျှောက်မှာလည်း ကားတွေ ရန်ကုန် ကုန်ကားနဲ့ မြဝတီကုန်းကားတွေ ရာချီပြီးပိတ်နေတယ်။ သွားမရဘူး။ ဒါပေမယ့် ညကတော့ ဂျိုင်းကြိုးဆိုင်းတံတားပေါ်က ကုန်ကား အစီးတရာလောက် ဖြတ်သွားတယ်လို့ ကုန်ကားသမားတွေ ပြောစကားအရ သိရတယ်။ ဒီတံတားက ဧရာဝတီတိုင်းကကျိုးသွားတဲ့ မြောင်းမြတံတားနဲ့ ဒီဇိုင်းတူဆောက်ထားတာ ခံနိုင်ရည်လျော့ကျနေလို့ ၁၅ တန် အောက်ကားတွေပဲ ဖြတ်သန်းခွင့်ပေးထားတာဆိုတော့ စိတ်ပူမိတယ်”ဟု ကုန်ကားသမားတဦးကပြောသည်။
ယနေ့ သြဂုတ်လ ၁၂ ရက်ယနေ့တွင် ဂျိုင်းမြစ်ရေ ၆၀၀ စင်တီမီတာအထက် ရေတိုးလာနေပြီး တိုင်တာရေး ပေတံနစ်မြှုပ်ကာ ခန့်မှန်းတိုင်းတာချက် ၆၁၀ စင်တီမီတာသို့ ရောက်ရှိနေကြောင်း သိရသည်။
ကျုံဒိုးမြို့ တွင် ရေဘေးကယ်ဆယ်ရေးစခန်း ၃ ခု ဖွင့်လှစ်ထားကာ ကူညီစောင့်ရှောက်ပေးလျက်ရှိသည်။
ကရင်ပြည်နယ်အတွင်း ရေကြီးရေလွှမ်းမှုကြောင့် ကျုံဒိုး၊ ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူမြို့နယ်များတွင် ရေဘေးသင့်နေဆဲဖြစ်ပြီး ဘားအံနှင့်မြဝတီမြို့တို့တွင် သောင်ရင်းမြစ်ရေနှင့် သံလွင်မြစ်ရေပြန်လည်ကျဆင်း နေသော်လည်း ဆက်လက်စောင့်ကြည့်နေရဆဲဖြစ်ကြောင်း ကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။




ကဆောဝါး






0 comments:
Post a Comment