Wednesday, August 21, 2019

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သီလ၀ါအထူးစီးပွားရေးဇုန် စီမံကိန်းများ ကြည့်ရှုစစ်ဆေး

Image may contain: 7 people, people smiling, people standing
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စု ၀န်ကြီးများဖြစ်ကြသည့် ဦးကျော်တင့်ဆွေ၊ ဦးမင်းသူ၊ ဦးသောင်းထွန်း၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တာဝန်ရှိသူများနှင့်အတူ သြဂုတ် ၂၁ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်ရှိ သီလ၀ါ အထူးစီးပွားရေးဇုန်သို့ သွားရောက်ကာ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ်အား Myanmar Japan Thilawa Development (MJTD) ရုံး Multi Purpose Hall ၌ စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး၊ သီလ၀ါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒေါက်တာဆက်အောင်၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးMr. Ichiro Maruyama? Myanmar Japan Thilawa Development Ltd. (MJTD) ဥက္ကဋ္ဌ ဦးဝင်းအောင်နှင့် President and CEO, Mr. Tomoyasu Shimizu တို့က သီလ၀ါအထူးစီးပွားရေးဇုန်နှင့်ပတ်သက်သည့် ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများနှင့် ဆောင်ရွက်နေ သည့် လုပ်ငန်းများအကြောင်းကို ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများနှင့် စပ်လျဉ်း၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က သီလ၀ါအထူးစီးပွားရေးဇုန်ကို မြင်တွေ့လိုက်ရသည့်အတွက် များစွာဂုဏ်ယူမိပါကြောင်း။Master Plan လုပ်ဆောင်ထားသည်ကိုတွေ့ရပြီး ကုန်ထုတ်လုပ်သည့် စက်ရုံများသာ မက လူနေထိုင်သည့် အဆောက်အအုံများပါ ပါဝင်သ ည့်အတွက် လုံခြုံရေးသည် အရေးကြီး သကဲ့ သို့ အကျိုးအမြတ်ရရှိရေး၊ အောင်မြင်စွာ အကောင်အထည်ဖော်ရေးသည်လည်း အရေးကြီးသည့်ကဏ္ဍမှ ပါဝင်ပါကြောင်း။
သီလ၀ါအထူးစီးပွားရေးဇုန်အတွက် အချင်းချင်း ဆက်သွယ်ဆောင်ရွက်ရာတွင်Coordination နှင့် Cooperation ရှိရန် အရေးကြီးကြောင်း၊ ဌာနဆိုင်ရာအချင်းချင်း ဆက်ဆံရာတွင် Coordination သည် အရေးကြီးသကဲ့သို့ ပြည်သူများနှင့် ဆက်ဆံရာတွင်လည်းကောင်း၊ ကုမ္ပဏီများနှင့် ဆက်ဆံရာတွင်လည်းကောင်း Cooperation သည် အရေးကြီးပါကြောင်း။
သီလ၀ါအထူးစီးပွားရေးဇုန်တွင် Complaint Program ကို အသစ်တီထွင်လုပ်ဆောင်ထားသည့်အတွက် ပြည်သူများနှင့် ထိတွေ့သည့်အခါ လုပ်ဆောင်သည့်စနစ်သည် ငြိမ်းချမ်းစွာ ဆောင်ရွက်နုင်သည့် ကောင်းမွန်သော အစဉ်အလာကောင်းနှင့် အကောင်အထည်ဖော်မှု စနစ်ကောင်းတစ်ခုဖြစ်လာပါကြောင်း၊ စီးပွားရေးမူဝါဒအရ အလုပ်အကိုင်ဖန်တီးပေးမှုနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုတို့သည်လည်း ချိတ်ဆက်နေပါကြောင်း။
One Stop Service Center (OSSC) သည် နေ့စဉ်နေ့တိုင်းအတွက်အမှန်တကယ် အောင်မြင်အောင် လုပ်ကိုင်ပေးနေသည့် ၀န်ဆောင်မှုတစ်ခုဖြစ်သည့်အတွက် လွန်စွာအားရမိပါကြောင်း၊ လျင်လျင်မြန်မြန်နှင့် ပိုမိုအောင်မြင်အောင် ဆောင်ရွက်စေလိုကြောင်း၊Coordination နှင့် Cooperation ရှိခြင်းတို့သည် OSSC ၏ အောင်မြင်မှု တစ်စိတ်တစ်ဒေသဖြစ်ပါကြောင်း၊ သီလ၀ါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒေါက်တာဆက်အောင်၏ ကြိုးစားဆောင်ရွက်မှုနှင့် ဦးဆောင်မှုကောင်းခြင်းတို့ကြောင့် ဤကဲ့သို့ အောင်မြင်ရခြင်းဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးကာ တက်ရောက်လာသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် တာဝန်ရှိသူများနှင့်အတူ One Stop Service Center(OSSC) သို့ သွားရောက်၍လုပ်ငန်းများဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုကာ ၀န်ထမ်းများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် တာဝန်ရှိသူများနှင့်အတူသီလ၀ါအထူးစီးပွားရေးဇုန် (အေ) အတွင်းရှိ နားကြပ်များ၊ စပီကာ များ၊ Headphone များထုတ်လုပ်နေသည့် Foster Electric Thilawa Co.,Ltd. စက်ရုံ၊ ဆေးဝါးထုတ်လုပ်နေသည့် Zifam Pyrex Myanmar Co., Ltd. စက်ရုံ၊ ကျန်းမာရေး နို့ဒိန်ချဉ် ထုတ်လုပ်နေသည့် Yakult Myanmar Co., Ltd. စက်ရုံနှင့် မော်တော်ယာဉ်များတပ်ဆင်ထုတ်လုပ်နေသည့ှ် Suzuki Thilawa Motor Co., Ltd. စက်ရုံများသို့ သွားရောက်ရာ စက်ရုံတာဝန်ရှိသူများက ကုန်ပစ္စည်းများ ထုတ်လုပ်နေမှုနှင့် စပ် လျဉ်း၍ရှင်းလင်းပြောကြားပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တာဝန်ရှိသူများသည် စက်ရုံများအတွင်း ကုန်ပစ္စည်းများ ထုတ်လုပ်နေမှုကို လှည့်လည်ကြည့်ရှုကြသည်။
သီလ၀ါအထူးစီးပွားရေးဇုန်တွင် လက်ရှိနိုင်ငံပေါင်း ၂၀ မှ လုပ်ငန်းပေါင်း ၁၁၃ ခု ကို လုပ်ကိုင်ခွင့်ပြုခဲ့ပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ဘီလီယံကျော်ဖြင့် ရင်းနှီးမြှုပ်နှံဆောင်ရွက်လျက်ရှိကာ ယင်းတို့အနက် လုပ်ငန်း ၇၆ ခုမှာ စီးပွားဖြစ်စတင်လည်ပတ်နေပြီး လုပ်ငန်း ၂၀ မှာ ပြည်ပဈေးကွက်သို့ တင်ပို့လျက်ရှိသည်။
သီလ၀ါအထူးစီးပွားရေးဇုန်ရှိစက်ရုံများတွင် အမြဲတမ်းလုပ်သား ၉၀၀၀ ကျော်ရှိပြီး ဆောက်လုပ်ရေးလုပ်ငန်းများတွင် လုပ်ကိုင်သူများအပါအ၀င် စုစုပေါင်း ၂၀၀၀၀ကျော် အလုပ်လုပ်ကိုင်လျက်ရှိသည်။ သီလ၀ါအထူးစီးပွားရေးဇုန် ဇုန်အေ ၄၀၅ ဟက်တာကို ၂၀၁၅ ခုနှစ် စက်တင်ဘာ ၂၃ ရက်တွင် စီးပွားဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး လုပ်ငန်းပေါင်း ၈၇ ခုကို ခွင့်ပြုမိန့်ထုတ်ပေးထားကာ ဇုန်ဘီကို အဆင့်လိုက် ဆက်လက်အကောင်အထည် ဖော်လျက်ရှိရာ လုပ်ငန်းပေါင်း ၁၈ ခု ခွင့်ပြုမိန့် ထုတ်ပေးထားပြီးဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် တာဝန်ရှိသူများနှင့်အတူ လူကုန်ကူးခံရသည့် အမျိုးသမီးများအား ပြန်လည်ပြုစုပျိုးထောင်ပေးပြီး ရေရှည်အသက်မွေးဝမ်းကျောင်းပြုနိုင်ရန်အတွက် ကမာရွတ်မြို့နယ် (၅ )ရပ်ကွက် ဟံသာရိပ်မွန်လုံးချင်းအိမ်ရာဝင်းအတွင်း ဖွင့်လှစ်ထားသည့် ဧဒင်မြန်မာ ပရဟိတအဖွဲ့၏ လုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုသည်။လမ်းညွှန်မှာကြားခဲ့နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ဧဒင်မြန်မာမှ တာဝန်ရှိသူများက လူကုန်ကူးခံရသည့် အမျိုးသမီးများအား စောင့်ရှောက်ထားရှိမှု၊ အသက်မွေးဝမ်းကျောင်းသင်တန်းများ သင်ကြားပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ရှင်းလင်းတင်ပြမှုများနှင့်စပ်လျဉ်းပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

0 comments:

Post a Comment