လက်ရှိပညာသင်နှစ်ကစပြီး အထက်တန်းပြီးမြောက်ကြောင်း လက်မှတ်တွေ စတင်ထုတ်ပေးသွားမယ်လို့ ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောပါတယ်။
ပညာရေးဝန်ကြီးဌာနအနေနဲ့ ဖွဲ့စည်းပုံစနစ်သစ် +12 စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နေပြီး အခြေခံပညာ အထက်တန်းအဆင့်မှာ အထက်တန်းအဆင့် ပြီးမြောက်တဲ့ စာမေးပွဲကို ပညာသင်နှစ်ရဲ့ ဖေဖော်ဝါရီလမှာ စစ်ဆေးပြီး တက္ကသိုလ်ဝင်ခွင့်အတွက် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတွေကို မတ်လမှာ စစ်ဆေးနေတယ်လို့ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။
မန္တလေးတိုင်း မဲဆန္ဒနယ်က ဦးကျော်တုတ် မေးတဲ့ တက္ကသိုလ်ဝင်ခွင့်ကို အခြေခံပညာအထက်တန်းစာမေးပွဲ ရမှတ်နဲ့ ဆုံးဖြတ်တာမျိုး မဟုတ်ဘဲ တက်ရောက်လိုတဲ့ တက္ကသိုလ်ရဲ့ သတ်မှတ်ချက်တွေနဲ့အညီ တက္ကသိုလ်ဝင်ခွင့်စနစ် မည်သည့်အချိန်မှာ စတင်နိုင်မည် သိရှိလိုခြင်း မေးခွန်းကို ဝန်ကြီးက အခုလို ပြန်လည်ဖြေကြားခဲ့ပါတယ်။
“ဝန်ကြီးဌာနအနေနဲ့ အထက်တန်းပြီးမြောက်ကြောင်း လက်မှတ်ကို ယခု ပညာသင်နှစ်မှာ စတင်ပေးအပ်သွားတော့မှာ ဖြစ်ပါတယ်။ ကျောင်းသား ကျောင်းသူရဲ့ သင်ယူတတ်မြောက်မှု အရည်အသွေးအရနဲ့ ကျောင်းခေါ်ချိန် ပြည့်မီမှုအရ ပေးအပ်ဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။”
၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာ စတင်သင်ကြားမယ့် ဒွါဒသမတန်း (Grade-12) ပြီးမြောက်သူတွေဟာ ပုံမှန်တက္ကသိုလ် ဝင်ခွင့်စာမေးပွဲကို မဖြစ်မနေ ဖြေဆိုရမှာဖြစ်ပြီး အောင်မြင်သူရော၊ မအောင်မြင်သူရော အထက်တန်းပြီးဆုံးကြောင်း လက်မှတ်လျှောက်လာရင် ထုတ်ပေးသွားမယ်လို့ ပြောပါတယ်။
“အဲဒီတက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်မြင်သူတွေဟာ တက္ကသိုလ်တွေကို တိုက်ရိုက်တက်ရောက်နိုင်မှာ ဖြစ်ပြီး အောင်မြင်သူရော၊ မအောင်မြင်သူရော အထက်တန်းပြီးမြောက်ကြောင်း လက်မှတ်လျှောက်ထားလာရင် ထုတ်ပေးမှာ ဖြစ်ပါတယ်” လို့ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။
တက္ကသိုလ်တွေ ဆက်တက်ချင်တယ် ဆိုရင်တော့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွေကို မဖြစ်မနေ ဝင်ရောက်ဖြေဆိုပြီးမှ တက်ရောက်ခွင့်ရမယ်လို့ ဆိုပါတယ်။
DVB






0 comments:
Post a Comment