Wednesday, August 7, 2019

တရုတ်အစိုးရကို လျှော့မတွက်ရန် ဟောင်ကောင်ဆန္ဒပြသူများအား ပြင်းပြင်းထန်ထန် သတိပေး

ဟောင်ကောင်ဆန္ဒပြသူတွေအနေနဲ့ တရုတ်အစိုးရကို လျှော့မတွက်ဖို့ ပြည်မကြီးက ပြင်းပြင်းထန်ထန် သတိပေးလိုက်ပါတယ်။

ဟောင်ကောင်မှာ တရားခံလွှဲပြောင်းပေးရေး ဥပေဒမူကြမ်းနဲ့ ပတ်သက်လို့ လူသန်းချီ လမ်းပေါ်ထွက် ဆန္ဒပြနေကြတာ သီတင်း ၉ ပတ်ဆက်တိုက်အထိ ရှိလာပါပြီ။
တရုတ်ပြည်မကြီးအစိုးရက အလိုရှိတဲ့ သံသယရှိသူတွေကို ပြည်မကြီးတရားရုံးဆီ ဟောင်ကောင်ကနေ လွှဲပြောင်းပေးရမယ့် ဥပဒေမူကြမ်းကို ဟောင်ကောင်သားတွေက ဆန့်ကျင်နေကြတာပါ။
ဆန္ဒပြပွဲတွေ အရှိန်မြင့်လာချိန်မှာပဲ သြဂုတ် ၆ ရက်နေ့မှာတော့ တရုတ်အစိုးရက ဟောင်ကောင်ဆန္ဒပြသူတွေကို ပြင်းပြင်းထန်ထန် သတိပေးလိုက်ပါတယ်။
ဒါဟာ ဟောင်ကောင်ဆန္ဒပြပွဲတွေနဲ့ ပတ်သက်လို့ တရုတ်အစိုးရရဲ့ အပြင်းထန်ဆုံး သတိပေးချက်တွေထဲက တခုပါ။
ဟောင်ကောင်နဲ့ မကာအိုရေးရာ ကောင်စီရုံး ပြောခွင့်ရပုဂ္ဂိုလ် ယန်ကွမ်းက “တရုတ်အစိုးရက သည်းခံနေတာကို အားနည်းတယ်လို့ လျှော့မတွက်ဖို့ အားလုံးကို သတိပေးလိုက်တယ်။ ဗဟိုအစိုးရရဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့ ကြီးမားတဲ့အင်အားကို ဟောင်ကောင်ဆန္ဒပြသူတွေ အနေနဲ့ လျှော့တွက်လို့မရဘူး” လို့ ပြောလိုက်ပါတယ်။
တနိုင်ငံ စနစ်နှစ်မျိုးနဲ့ အုပ်ချုပ်တဲ့ ဟောင်ကောင်ဟာ ၁၉၉၇ ခုနှစ်မှာ ဗြိတိန်လက်အောက်ကနေ တရုတ်ပြည်မကြီး လက်ထဲကို ရောက်လာခဲ့တာပါ။
ဒါပေမယ့် ပြီးခဲ့တဲ့မတ်လမှာ တရားခံလွှဲပြောင်းရေး ဥပဒေကြမ်းက အစပြုတဲ့ ဆန္ဒပြပွဲတွေကြောင့် ဆယ်စုနှစ်တွေအတွင်း အဆိုးဆုံး နိုင်ငံရေး အကျပ်အတည်းကို ရင်ဆိုင်နေရပါတယ်။
ဆန္ဒပြပွဲတွေမှာ ရဲတပ်ဖွဲ့က မျက်ရည်ယိုဓာတ်ငွေ့တွေသုံးပြီး လူစုခွဲကြသလို ဆန္ဒပြသူတွေကလည်း အကာအရံတွေနဲ့ ပိတ်ဆို့ ခုခံခဲ့ကြပါတယ်။
ဆန္ဒပြသူတွေဟာ အဲဒီဥပဒေမူကြမ်း အပြီးသတ်ပယ်ဖျက်ဖို့၊ ဟောင်ကောင်အကြီးအကဲ ကယ်ရီလမ် ရာထူးက နုတ်ထွက်ဖို့နဲ့ ဟောင်ကောင်ရဲတွေရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး အမှီအခိုကင်းတဲ့ စုံစမ်းစစ်ဆေးမှု ပြုလုပ်ပေးဖို့ လိုလားနေကြတာပါ။
သြဂုတ် ၇ ရက်နေ့က ဟောင်ကောင်မြို့လယ်ခေါင်မှာ အနက်ရောင်ဝတ်ဆင်ထားတဲ့ ရှေ့နေတွေဟာ ငြိမ်ငြိမ်သက်သက် စုဝေးချီတက်လာကြပြီး ဟောင်ကောင် တရားရေးဌာနရဲ့ လွတ်လပ်ခွင့်ကို ကာကွယ်ဖို့ အစိုးရကို တောင်းဆိုခဲ့ကြပါတယ်။
ဟောင်ကောင်သားတွေ အဖမ်းခံရမယ်ဆိုရင် ဒါမှမဟုတ် စွပ်စွဲခံရမယ်ဆိုရင် ရှေ့နေတွေက ရပ်ကြည့်နေမှာ မဟုတ်ဘူးလို့လည်း ဆန္ဒပြပွဲကို တက်ရောက်လာတဲ့ ဟောင်ကောင်လွှတ်တော်အမတ်တယောက်က ပြောပါတယ်။
ဆန္ဒပြပွဲတွေအတွင်း အဖမ်းခံရသူ အယောက် ၅၀၀ ကျော်ရှိပြီး အများစုကိုတော့ အဓိကရုဏ်းပြစ်မှုနဲ့ တရားစွဲဆိုထားပါတယ်။
ဟောင်ကောင်ဥပဒေအရ အဓိကရုဏ်းဆိုတာ လူ ၃ ယောက်ထက်ပိုပြီး ဥပဒေမဲ့စုရုံးရင် ငြိမ်းချမ်းရေးကို ပျက်ပြားစေမှုလို့ အဓိပ္ပာယ်သတ်မှတ်ပြီး ထောင်ဒဏ်ဆယ်နှစ်အထိ ချမှတ်နိုင်ပါတယ်။
DVB

0 comments:

Post a Comment