မှတ်ပုံတင်မဲ့ မိုဘိုင်းလ်ဖုန်းဆင်းမ်ကတ် (SIM Card) များကို ဥပဒေအရ အလကား ပေး၍မရကြောင်းနှင့် မှတ်ပုံတင်မဲ့ ဆင်းမ်ကတ် ၆ ဒသမ ၆ သန်းကို အပြီးတိုင်ပိတ်သိမ်းထားပြီဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသာဦးက ပြောဆိုလိုက်သည်။
“အလကားပေးပြီးတော့ ပြိုင်ဆိုင်မှုကို ဆန့်ကျင်တဲ့ ဆက်သွယ်ရေးဥပဒေနဲ့ ငြိနေတဲ့ကိစ္စတွေ ရှိပါတယ်။ ဒီလိုမျိုး အလကားပေးခွင့်မရှိပါဘူး။ ဥပဒေအရလည်း တန်ဖိုးရှိတာကို အလကားပေးခွင့် မရှိပါဘူး”ဟု ၎င်းက ပြောကြားသည်။
ဩဂုတ် ၆ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ကျောက်တန်း မဲဆန္ဒနယ်မှ ဒေါ်အေးမြမြမျိုးက ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းကို မှတ်ပုံတင်မူရင်းဖြင့်သော်လည်းကောင်း၊ Biometric စနစ်ဖြင့်သော်လည်းကောင်း ပြုလုပ်နေသည့်အစီအစဉ်ကို မေးမြန်းချက်တွင် ၎င်းက အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။
“၃၁.၃.၂၀၁၇ ရက်နေ့အထိ စနစ်တကျ မှတ်ပုံတင်ထားခြင်းမရှိခဲ့တဲ့ ဆင်းမ်ကတ် စုစုပေါင်း ၈ ဒသမ ၆၈ သန်းခန့်ကို ယာယီပိတ်သိမ်းခဲ့ပါတယ်။ ယာယီပိတ်သိမ်းထားတဲ့ အဲ့ဒီဆင်းမ်ကတ်တွေကိုဆက်လက်ပြီး မှတ်ပုံတင်ဖို့အတွက် နောက်ထပ်သုံးလခွင့်ပြုခဲ့ရာ သတ်မှတ်ကာလ ကုန်ဆုံးတဲ့ ၁.၇.၂၀၁၇ ရက်နေ့အထိ စနစ်တကျ မှတ်ပုံတင်ထားခြင်းမရှိတဲ့ ဆင်းမ်ကတ်စုစုပေါင်း ၆ ဒသမ ၆ သန်းကို အပြီးပိတ်သိမ်းခဲ့ပါတယ်”ဟု ၎င်းက ဆိုသည်။
နိုင်ငံသားစိစစ်ရေးကတ် တစ်ခု သို့မဟုတ် အိုင်ဒီတစ်ခုဖြင့် ဆင်းမ်ကတ်များစွာကို မှတ်ပုံတင်ဆောင်ရွက်ခဲ့မှုများရှိခဲ့သောကြောင့် ဆက်သွယ်ရေးအော်ပရေတာကို စိစစ်အရေးယူမှုများပြုလုပ်ရာတွင် စာချုပ်ပါပြဋ္ဌာန်းချက်ကိုဖောက်ဖျက်ကြောင်း ထင်ရှားသဖြင့် ကျပ်သန်း ၃၀၀ (အော်ပရေတာအမည်မပါ) ဒဏ်ရိုက်ခဲ့ကြောင်း ဒုဝန်ကြီးက ရှင်းပြသည်။
နိုင်ငံတကာတွင်လည်း အိုင်ဒီတစ်ခု သို့မဟုတ် မှတ်ပုံတင် (နိုင်ငံသားကတ်) ဖြင့် မှတ်ပုံတင်ထားသည့် အချက်အလက်များကို သက်ဆိုင်ရာ အော်ပရေတာအလိုက် သီးခြားစီ တင်ထားရသည်ကို လေ့လာတွေ့ရှိရကြောင်း၊ မိမိတို့နိုင်ငံ၌လည်း ဥပမာအားဖြင့် ဆင်းမ်ကတ်မှတ်ပုံတင်ရန် နာမည်အပြည့်အစုံ၊ လိပ်စာအပြည့်အစုံ၊ မှတ်ပုံတင်သော်လည်းကောင်း၊ ပတ်စပို့စ်သော်လည်းကောင်း၊ ကျောင်းသားကတ် သို့မဟုတ် မွေးရပ်၊ မွေးနေ့နှင့် ဌာနေ၊ ကျားမ ခွဲခြားသည့်မှတ်တမ်းများကိုလည်းကောင်း ကောက်ခံရန် ပညာပေးကာလပြုလုပ်၍ ဘိုင်အိုမက်ထရစ်စနစ်ဖြစ်လာရန် စီစဉ်ထားကြောင်း ဒုဝန်ကြီးက ရှင်းပြသည်။
Biometric အချက်အလက်များကို အသုံးပြု၍ မှတ်ပုံတင်ပြီးပါက မိုဘိုင်းလ်အော်ပရေတာအားလုံး၏ သုံးစွဲသူ အချက်အလက်များကို တစုတစည်းတည်း သိမ်းဆည်းထားနိုင်ရန် Command Data Base စနစ် ထားရှိသွားမည်ဖြစ်ပြီး ၎င်းစနစ်ကို ၂၀၂၀ ခုနှစ် ဇွန်လမတိုင်မီ အပြီးအစီး ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ကတိပြု ပြောကြားသည်။
လက်ရှိအခြေအနေတွင် “တကယ် ပြဿနာဖြစ်နေတာက ဆိုင်တွေမှာ ကျွန်တော့်အနေနဲ့ မှတ်ပုံတင်ပြမယ်၊ မိတ္တူပြမယ် တစ်ကတ်ဝယ်တယ်။ ဒါပေမဲ့ ဆိုင်က မသမာပြီး ကျွန်တော့်မှတ်ပုံတင်နံပါတ်နဲ့ အများကြီးခွဲပြီး လုပ်လိုက်တယ်။ အခြားသူတွေကိုရောင်းရင် မှတ်ပုံတင်ပြီးသားဆိုပြီး ကျွန်တော့်နာမည်နဲ့ လုပ်တာမျိုးတွေ ရှိပါတယ်။ အဲဒါတွေကို အရေးယူနေပါတယ်။ ဒါတွေက ဘိုင်အိုစနစ်မဖြစ်မချင်း အင်မတန် ထိန်းသိမ်းရခက်ပါတယ်။ အရေးပေါ် စစ်ဆေးပြီး အရေးယူတာလည်းရှိမှာပါ”ဟု ဒုဝန်ကြီးက ရှင်းပြခဲ့သည်။
လက်ရှိအချိန်အထိ တစ်နိုင်ငံလုံးတွင် ဆင်းမ်ကတ် သန်း ၆၀ ကျော် သုံးစွဲထားကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
The Voice






0 comments:
Post a Comment