Sunday, August 4, 2019

ဗိုလ်ချုပ်အောင်ဆန်းပုံ ငွေစက္ကူများ ထုတ်ဝေမည့် ဗဟိုဘဏ်အနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကျပ် ၇၃၇ ဘီလျံကျော် အမြတ်ရရှိမည်ဟု ခန့်မှန်း

လာမည့် ၂၀၁၉ ဒီဇင်ဘာတွင် ဗိုလ်ချုပ်အောင်ဆန်းပုံငွေစက္ကူ ထုတ်ဝေမည့် ဗဟိုဘဏ်အနေဖြင့် အဆိုပါ ဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်တွင် ကျပ် ၇၃၇ ဘီလျံကျော် အမြတ်ရရှိနိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ရှေ့ပြေးအမှန်စာရင်းတွင် ကျပ် ၆၃၅ ဘီလျံ အမြတ်ရရှိခဲ့ပြီး ၂၀၁၈ ဘဏ္ဍာနှစ်တိုခြောက်လ (ရှေ့ပြေးအမှန်စာရင်း) တွင် ကျပ် ၃၇၄ ဘီလျံကျော် အမြတ်ရရှိခဲ့သည်။
လာမည့် စက်တင်ဘာ ၃၀ တွင် ကုန်ဆုံးမည့် လက်ရှိ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၌ ပြုပြင်ပြီးခန့်မှန်းခြေတွင် ကျပ် ၇၃၈ ဘီလျံ အမြတ်ရရှိရန် မျှော်မှန်းခဲ့ရာမှ ဗိုလ်ချုပ်ပုံငွေစက္ကူ များထုတ်ဝေမည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မူလခန့်မှန်းခြေ၌ပင် ကျပ် ၇၃၇ ဘီလျံကျော် အမြတ်ရရှိရန် ခန့်မှန်းထားခြင်းဖြစ်ပြီး ဝင်ငွေအဖြစ် ကျပ် ၈၈၈ ဘီလျံကျော်ရရှိရန် ခန့်မှန်းထားကာ ကျပ် ဘီလျံ ၁၅၀ ကျော်သာ သုံးစွဲသွားမည်ဖြစ်သဖြင့် အမြတ်အစွန်းများစွာ ရရှိရန် ခန့်မှန်းထားခြင်းဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်းပုံပါ ငွေစက္ကူများအား ယခုနှစ် ဒီဇင်ဘာတွင် ထုတ်ဝေနိုင်ရန် စီမံထားပြီး ထုတ်လုပ်မည့် ပမာဏနှင့် မည်သည့် ကျပ်တန်အမျိုးအစား ထုတ်လုပ်ဖြန့်ဝေမည်ကို ဆုံးဖြတ်ရခြင်း မရှိသေးဟု ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းက သြဂုတ် ၂ ရက်တွင် ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များ၏ မေးခွန်းများကို လာရောက် ဖြေကြားချိန်၌ မီဒီယာများ၏ မေးမြန်းမှုအပေါ် ဖြေကြားသည်။
“ဒီဇင်ဘာလောက် Target ထားပြီး လုပ်နေတယ်။ အဲဒီလောက် ခုနကဖြေသလိုပဲ ဒီဇင်ဘာလောက် Target ထားတယ်။ ကျော်သွားလည်း နည်းနည်းပေါ့။ အများကြီး မကျော်နိုင်ပါဘူး။ (ထုတ်လုပ်မယ့် ပမာဏ) မဆုံးဖြတ်ရသေးဘူး။ (ဘယ်လောက်တန် ထုတ်မှာလဲ) အဲဒါတွေက မဆုံးဖြတ်ရသေးပါဘူး” ဟု မီဒီယာများအား ဖြေကြားသည်။
ဗိုလ်ချုပ်ပုံငွေစက္ကူ ထုတ်လုပ်ရန် ဆောင်ရွက်မှုသည် ယခင်ကတည်းက ဆောင်ရွက်နေပြီး လက်ရှိတွင် ဒီဇိုင်းပြန်လည် ပြုပြင်ခြင်းများ၊ လုံခြုံမှုအဆင့် ဆောင်ရွက်မှုများ လုပ်ဆောင်နေရကြောင်း ဦးစိုးသိမ်းက ပြောကြားထားသည်။
“ဗိုလ်ချုပ်ပုံနဲ့ ငွေစက္ကူထုတ်ဖို့ ကျွန်တော်တို့ အခုမှ မဟုတ်ပါဘူး။ ဒီဇိုင်းတွေဆွဲတယ်။ ထုတ်ဖို့ အစီအစဉ် လုပ်နေပါတယ်။ အဲဒီတော့ ဂျပန်မှာ ငွေစက္ကူထုတ်ဖို့ နောက်ငါးနှစ်မှ ထုတ်မယ့်ဟာကို အခုကစပြီး ဒီဇိုင်းလုပ်နေတယ်။ US မှာလည်း အဲဒီလိုပဲ။ နှစ်နှစ်၊ သုံးနှစ်လောက်ကြာတယ်။ ငွေစက္ကူထုတ်တယ် ဆိုတာက လုံခြုံရေး၊ ဒီဇိုင်းတွေမှာ အင်မတန်ကို Sensitive ဖြစ်ပါတယ်” ဟု ဦးစိုးသိမ်းက ဆိုသည်။
အနာဂတ်တွင် ရိုက်နှိပ်ထုတ်ဝေမည့် ငွေစက္ကူများ၌ ဗိုလ်ချုပ်အောင်ဆန်းပုံ ထည့်သွင်းရေးအတွက် ၂၀၁၇ ခုနှစ် နိုဝင်ဘာ၌ ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မြိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ခင်ဝင်းက တင်သွင်းခဲ့ရာ ပြည်သူ့လွှတ်တော် အစည်းအဝေးက မဲခွဲဆုံးဖြတ်ပြီး အတည်ပြုခဲ့သည်။                   

Eleven Media Group

0 comments:

Post a Comment