Tuesday, August 6, 2019

သြဂုတ် ၅ ရက်အထိ H1N1 ပိုးတွေ့သူ ၄၇၁ ဦးတွင် သေဆုံးသူ ၈၉ ဦးအထိရှိပြီး ပဲခူးတိုင်းဒေသကြီးတွင် နှစ်ဦးထပ်မံသေဆုံး

သြဂုတ် ၅ ရက်အထိ H1N1 သံသယ လူနာ ၁၁၂၉ ဦးအနက် ရောဂါပိုးတွေ့ရှိသူ ၄၇၁ ဦး၊ သေဆုံးသူ ၈၉ ဦးအထိရှိပြီး ပဲခူးတိုင်းဒေသကြီးတွင် နှစ်ဦးထပ်မံ သေဆုံးခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ရရှိသည့် အချက်အလက်များအရ သိရသည်။     

ဇန်နဝါရီမှ သြဂုတ် ၅ ရက်အထိ တုပ်ကွေးဆန်သော ရောဂါလက္ခဏာများ (Influenza-like illness-ILI) ဖြစ်ပွားသူ ၃၂၇ ဦးအနက် A (H1N1) ဖြစ်ပွားသူ ၇၆ ဦး၊ A (H3N2) ဖြစ်ပွားသူ ၁၂ ဦး၊ Inluenza B ဖြစ်ပွားသူ ရှစ်ဦးရှိကြောင်းနှင့် လတ်တလော ပြင်းထန်အဆုတ်ရောင်ရောဂါ (SARI) ဖြစ်ပွားသူ ၈၀၃ ဦးအနက် A (H1N1) ဖြစ်ပွားသူ ၃၄၁ ဦး၊ A (H3N2) ဖြစ် ပွားသူ ၁၄ ဦး၊ Influenza B ဖြစ်ပွားသူ ၂၁ ဦး ရှိကြောင်း သိရသည်။
“သြဂုတ် ၅ ရက်အထိ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဓာတ်ခွဲစစ်ဆေးသူ ၁၁၂၉ ဦးရှိပြီး အတည်ပြုလူနာ ၄၇၁ ဦးရှိပါတယ်။ သေဆုံးသူ စုစုပေါင်း ၈၉ ဦးအထိ ရှိပါတယ်။ လက်ရှိအထိ သေဆုံးသူဦးရေ ရန်ကုန်မှာ ၆၃ ဦး၊ ဧရာဝတီမှာ ရှစ်ဦး၊ ပဲခူးမှာ ခုနစ်ဦး၊ မွန်နဲ့ စစ်ကိုင်းမှာ သုံးဦးစီ၊ မကွေးမှာ နှစ်ဦးနဲ့ ရခိုင်၊ ကချင်၊ ရှမ်းတောင်မှာ တစ်ဦးစီနဲ့ စုစုပေါင်း ၈၉ ဦးရှိပါပြီ” ဟု ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး မြို့နယ်အလိုက် Seasonal Influenza ဓာတ်ခွဲအတည်ပြု သေဆုံးသူဦးရေ စာရင်းအရ ဒဂုံမြို့သစ် (တောင်ပိုင်း) တွင်ငါးဦး၊ လှိုင်သာယာတွင် ခြောက်ဦး၊ သင်္ဃန်းကျွန်းတွင် လေးဦး၊ ဒဂုံ (ဆိပ်ကမ်း) တွင် တစ်ဦး၊ သန်လျင်တွင် လေးဦး၊ မြောက်ဥက္ကလာပတွင် လေးဦး၊ မင်္ဂလာဒုံတွင် သုံးဦး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)တွင် နှစ်ဦး၊ ဒဂုံအရှေ့တွင် တစ်ဦး၊ လှည်းကူးတွင် တစ်ဦး၊ မရမ်းကုန်းတွင် တစ်ဦး၊ မှော်ဘီတွင် လေးဦး၊ သာကေတတွင် လေးဦး၊ မင်္ဂလာတောင်ညွန့်တွင် နှစ်ဦး၊ ရွှေပြည်သာတွင် နှစ်ဦး၊ ရန်ကင်းတွင် နှစ်ဦး၊ သုံးခွတွင်နှစ်ဦး၊ ကြည့်မြင်တိုင်တွင် တစ်ဦး၊ စမ်းချောင်းတွင် နှစ်ဦး၊ ထန်းတပင်တွင် နှစ်ဦး၊ လှိုင်တွင် တစ်ဦး၊ တွံတေးတွင်တစ်ဦး၊ တာမွေတွင် တစ်ဦး၊ ဒေါပုံတွင် တစ်ဦး၊ ကွမ်းခြံကုန်းတွင် တစ်ဦး၊ ဗိုလ်တထောင်တွင် တစ်ဦး၊ အလုံတွင် တစ်ဦး၊ ကော့မှူးတွင် တစ်ဦး၊ ဆိပ်ကြီးခနောင်တိုတွင် တစ်ဦး ဇူလိုင် ၃၁ ရက်အထိ စုစုပေါင်း ၆၃ ဦး သေဆုံးခဲ့ကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
၂၀၁၉ ခုနှစ် ဇန်နဝါရီမှ ဇူလိုင် ၂၅ ရက်အထိ ပြည်သူ့ဆေးရုံများတွင် တက်ရောက် ကုသမှု အခြေအနေအရ စုစုပေါင်း ဆေးရုံတက်ရောက် ကုသသူ ၂၉၉ ဦး၊ ဆေးရုံမှ ဆင်းသွားသူ ၁၈၅ ဦးရှိပြီး လက်ရှိအတွင်း လူနာအဖြစ် တက်ရောက် ကုသလျက်ရှိသူ ၄၂ ဦး ရှိသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ရရှိသည့် အချက်အလက်အရ သိရသည်။
သေဆုံးသူများ၏ ၈၀ ရာခိုင်နှုန်းကျော် ဖြစ်သည့် ၅၈ ဦးတွင် ဆီးချိုရောဂါ၊ သွေးတိုး ရောဂါ၊ နှလုံးရောဂါ၊ အသက်ရှုလမ်းကြောင်းရောဂါ၊ မွေးရာပါရောဂါ လက္ခဏာစု၊ ကင်ဆာရောဂါနှင့် အခြားကိုယ်ခံအား ကျဆင်းသည့် ရောဂါများ အစရှိသည့် နာတာရှည် ရောဂါအခံရှိသူများ ဖြစ်မှုကိုလည်းကောင်း၊ လူထုအတွင်း တုပ်ကွေးဆန်သော ရောဂါလက္ခဏာများ ဖြစ်ပွားမှုနှင့် လတ်တလော ပြင်းထန်အဆုတ်ရောင် ရောဂါဖြစ်ပွားမှု စသည်တို့ကို စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကိုလည်းကောင်း၊ ရာသီတုပ်ကွေး အမျိုးအစားအလိုက် ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှု အခြေအနေများအား နေ့အလိုက်၊ အပတ်စဉ်အလိုက်၊ လအလိုက်၊ တိုင်းဒေသကြီး/ပြည်နယ်အလိုက်၊ အသက်အုပ်စု အပိုင်းအခြားအလိုက် ပြုစုဆန်းစစ်ထားရှိသော အချက်အလက်များကို လည်းကောင်း၊ ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားမှုနှင့် သေဆုံးမှု လျော့နည်း ကျဆင်းလာသည့် အခြေအနေများကို လည်းကောင်း၊ ဆေးရုံဆေးခန်းများတွင် ရာသီတုပ်ကွေးရောဂါ လူနာများအား ကုသနေမှု အခြေအနေ၊ ဆေးနှင့် ဆေးပစ္စည်းများ ဖြန့်ဝေထားမှု အခြေအနေ၊ ပြည်သူလူထုအား ကျန်းမာရေး အသိပညာပေးမှု အခြေအနေနှင့် ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ သိရသည်။

Eleven Media Group

0 comments:

Post a Comment