မြန်မာနိုင်ငံတွင် AIDS ရောဂါဖြစ်ပွားသူများပြားလာပြီး ယခုအခါ HIV ပိုးမှာ ထုတ်ကုန်အဖြစ် ပြန်လည်ရောင်းရမည့်သဘောဖြစ်နေကြောင်း ဒေါက်တာနေမျိုးအောင်က ပြောလိုက်သည်။
ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် သြဂုတ်လ ၂၂ ရက်ကကျင်းပသော ကျန်းမာရေးအသိပညာပေး ဟောပြောပွဲတွင် ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
“ ဒီရောဂါပိုးက ၁၉၈၈ လောက်မှ ကျွန်တော်တို့တိုင်းပြည်ရောက်တယ်။ သို့သော်အဲဒီမတိုင်ခင်က အမေရိကားမှာ ဒါတွေကအခြောက်တွေဖြစ်တယ်။ ငါတို့နဲ့မဆိုင်ပါဘူးပေါ့။ ဒါဖြစ်ရင်ကိုပဲအခြောက်လို့ သတ်မှတ်ခံရတယ်။ဒါ အဲဒီခေတ်ကပေါ့။ ကျွန်တော်တို့ဆီရောက်လာတာ သဘောင်္သားတွေဆီကတစ်ဆင့် ၀င်လာတာ။ သူများနိုင်ငံကနေ ကျွန်တော်တို့ဆီရောက်လာတာသွင်းကုန်ပေါ့။ အခုဒါဆိုရင် ကျွန်တော်တို့က ထုတ်ကုန်ဖြစ်ပြီး ပြန်တောင်ရောင်းရမယ့်သဘောဖြစ်သွားပြီ။ ဘာလို့လဲဆိုတော့ ဒါကျွန်တော်တို့ဆီမှာဦးရေက နည်းနည်းများလာတယ်’’ဟု ဒေါက်တာနေမျိုးအောင်က ပြောသည်။
HIV ပိုးသည် လူ့ခန္ဓာကိုယ်သို့ သွေးမှတစ်ဆင့်သော်လည်းကောင်း၊ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းမှသော်လည်းကောင်းကူးစက်နိုင်ပြီး ရောဂါလက္ခဏာများအနေဖြင့် ကိုယ်အလေးချိန်ကျဆင်းလာခြင်း၊ ရေယုန်များပေါက်ခြင်း၊ အရေပြားတွင်ယားဖုများထွက်လာခြင်း၊ တစ်လထက်ပို၍ ဖျားနာခြင်း၊ ပါးစပ်တွင်မှက်ခရုထွက်ခြင်းတို့ ဖြစ်ပွားတတ်ကြောင်း သိရသည်။
“ HIV ပိုးကကူးစက်ခံရရင် တော်ရုံတန်ရုံလက္ခဏာမပြဘူး။ ကျောင်းသားဘ၀တုန်းက ညောင်းလို့ပါဆိုပြီး တစ်ခါလေးအနှိပ်သွားခံတယ်။ ကျောင်းပြီးလို့နေမကောင်းတော့မှဆေးစစ်တော့ ဒီပိုးကရှိနေပြီ။ အဲဒီတော့ HIV အစက တီဘီပဲ။ ချောင်းလေးဆိုးပိန်လိုက်လာလို့ စစ်ကြည့်လိုက်တော့ တီဘီတွေ့တယ်။ ဒါကိုဆရာဝန်က မကျေနပ်သေးဘူး။ထပ်စစ်လိုက်တော့ ဒီပိုးကိုတန်းတွေ့တာပဲ’’ဟု ဒေါက်တာနေမျိုးအောင်က ထပ်မံပြောသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် HIV ပိုးအသစ်ကူးစက်ခံရသူ ၂၆ ရာခိုင်နှုန်းရှိပြီး ဖြစ်ပွားမှုနှုန်းအများဆုံး တိုင်းဒေသကြီးထဲတွင်ပါဝင်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှသိရသည်။
မင်းသီဟန် ( အကုန်သိ သတင်းဌာန )






0 comments:
Post a Comment