
လျှပ်စစ်မီးအဝင်အထွက်များကို ထိန်းချုပ်ရေးစင်တာမှတဆင့် လုပ်ဆောင်နိုင်သည့် Advance Metering Infrastructure (AMI) စနစ်တပ်ဆင်အသုံးပြုထားသော ဒေါပုံမြို့နယ်နှင့် ပန်းဘဲတန်းမြို့နယ် ၂ ခုမှ ပျောက်ဆုံးယူနစ်တန်ဖိုး တလကျပ်သိန်း ၃ဝဝ ဝန်းကျင်ခန့်စီ နိုင်ငံတော်မှ ပြန်လည်ရရှိနေကြောင်း သတင်းရရှိသည်။
''မြို့နယ်တွေမှာ ပြည်သူကလည်း မသုံးလိုက်ရဘဲ ပျောက်သွားတဲ့ ပျောက်ဆုံးယူနစ်ရှိတယ်။ ပြည်သူလည်း အကျိုးမရှိဘဲ ပျောက်သွားတယ်။ လျှပ်စစ်ဝန်ကြီးဌာနကလည်း ပိုက်ဆံမရတဲ့ losses ၊ ပျောက်သွားတဲ့ ယူနစ်က မြို့နယ်တွေမှာ အခုလက်ရှိမှာ ၂ဝ ရာခိုင်နှုန်း အထက်မှာရှိတယ်။ ၁၈ ရာခိုင်နှုန်း၊ ၁၆ ရာခိုင် နှုန်း၊ ၂ဝ ရာခိုင်နှုန်း ဒါမျိုးတွေရှိတယ်။ အဲလိုရှိနေတဲ့အပေါ်မှာ အစ်ကိုတို့က ဒါကို ပြည်သူတယောက်အနေနဲ့ စက်မှုလုပ်ငန်း ရှင်တယောက်အနေနဲ့ ဒါကို ကိုယ့်သမိုင်းကို ရေးခဲ့ပြီးပြီ။ ပြခဲ့ပြီးပြီ။ ပန်းဘဲတန်းမှာရော၊ ဒေါပုံမှာရော။ အခု ပန်းဘဲတန်းမှာဆိုရင် သိန်း ၄၄ဝ ကျော်ပြန်ရနေတယ်။ ဒေါပုံမှာဆိုရင် သိန်း ၂၇ဝ နဲ့ ၂၈ဝ ကြားလောက် ပြန်ရနေတယ်။ လစဉ်ပေါ့။ အဲဒီတော့ ဒါလည်း အဲဒီတလတည်းပဲလားလို့ရှိရင် တလတည်းမဟုတ်ဘူး။ ၂ နှစ်ကျော်ပြီ၊ ပိုက်ဆံတွေ ပြန်ဝင်နေတာ။ ပြန်ပြီးရနေတာ''ဟု Myanmar Machinery Manufacturing ကုမ္ပဏီအုပ်ချုပ်မှု ဒါရိုက်တာဦးမျိုးအောင်က News Watch သို့ ပြောသည်။
အဆိုပါ AMI စနစ်ကို Ever မီတာထုတ်လုပ်သည့် Myanmar Machinery Manufacturing ကုမ္ပဏီက တပ်ဆင်ပေးခြင်းဖြစ်ပြီး ယင်းစနစ်တွင် အွန်လိုင်းမှတဆင့် ငွေပေးချေနိုင်မှု၊ ဘဏ်များမှ တဆင့်ငွေပေးချေနိုင်မှု စနစ်များပါဝင် ကြောင်းနှင့် မီတာခ မသမာမူများနှင့် ပျောက်ဆုံးယူနစ်များ ဖော်ထုတ်ရန် ရည်ရွယ်ချက်ဖြင့် တပ်ဆင်ခြင်းဖြစ်ကြောင်း ဦးမျိုးအောင်ကပြောသည်။ ''လူတွေကနေလုပ်ထားတဲ့ မသမာမှုကို လက်ရှိ အနေအထားမှာ ဖော်ထုတ်လို့ရတဲ့စနစ်ပါ။ Human Error တွေကို အဓိကထားတာ ပါ''ဟု ၎င်းက ပြောသည်။
ဒေါပုံမြို့နယ်နှင့် ပန်းပဲတန်းမြို့နယ်နှစ်ခုအား AMI စနစ်တပ်ဆင်အသုံးပြုမှု ကို ၂ဝ၁၇ ခုနှစ်ကတည်းက ရှေ့ပြေးစီမံချက်အနေဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ယင်း AMI စနစ်တပ်ဆင်မှုကြောင့် ပျောက်ဆုံးယူနစ်များမှ နိုင်ငံတော်ဘဏ္ဍာငွေများ ပြန်လည်ရရှိနေသည့်အတွက် ထိုစနစ်ကို မြို့နယ်အနှံ့ တပ်ဆင်ရေး လွှတ်တော်ကိုယ်စားလှယ်များက လိုလားလျက်ရှိနေသည်။ ပျောက်ဆုံးမီတာနှင့်ပတ်သက်၍ စက်ကိရိယာရုပ်ဝတ္ထုပစ္စည်းနှင့် နည်းပညာကြောင့် ပျောက်ဆုံးမှု၊ လူကြောင့် ပျောက်ဆုံးမှုဟူ၍ နှစ်မျိုးရှိနေပြီး လက်ရှိအခြေအနေအရ စက်ကိရိယာကြောင့် ပျောက်ဆုံးမှုများကို မထိန်းချုပ်နိုင်သေးသော်လည်း လူကြောင့် ပျောက်ဆုံးမှုကို စနစ်တကျ စီမံချက်ချကာ ဆောင်ရွက်ပေးရေးကိစ္စ ဇူလိုင် ၁ ရက်က ကျင်းပပြုလုပ်သည့် မင်္ဂလာတောင်ညွန့် မြို့နယ်မဲ ဆန္ဒနယ်အမှတ်(၂) လွှတ်တော် ကိုယ်စားလှယ်ဦးရန်အောင်က မေးခွန်း မေးမြန်းခဲ့သည်။
''လက်တွေ့ ရလဒ်တွေအရ ဒေါပုံမြို့နယ်မှာဆိုရင် ပျောက်ဆုံးယူနစ်တန်ဖိုးဟာ တလကို သိန်း ၂၈ဝ၊ ၂၉ဝ ခန့်ရှိပြီး ပန်းဘဲတန်းမြို့နယ်မှာဆိုရင် တလသိန်း ၃၇ဝ၊ ၃၈ဝ ခန့်ရှိတယ်လို့ စာရင်းဇယားအရ သေချာစွာ သိရှိရပါတယ်။ ဒါဆိုရင် ရန်ကုန်တိုင်း ၄၅ မြို့နယ်ကို တွက်ကြည့်လိုက်ရင် ပျမ်းမျှအရ ကျပ်သိန်း ၃ဝဝ နဲ့ ၄၅ မြို့နယ် တွက်ကြည့်ရင် လစဉ်သိန်း ၁၃,၅ဝဝ ဟာ ပျောက်ဆုံးယူနစ် တန်ဖိုး ဖြစ်နေပါတယ်။ ဒါဆိုရင် တနှစ်ဆိုရင် သိန်း ၁၆၂,ဝဝဝ ဖြစ်နေပါတယ်။ ဒါက ရန်ကုန်တိုင်းတခုတည်းမှာ ဆုံးရှုံးမှုတွေကို အကြမ်းဖျင်း တွက်ချက်ကြည့်တာပါ။ တနိုင်ငံလုံးအတိုင်းအတာဆိုရင် မြောက်မြားလှစွာသော ဘဏ္ဍာငွေများ ဆုံးရှုံးနေမှာ ပါ''ဟု ဦးရန်အောင်က ထည့်သွင်းပြောကြားသည်။
ထိုမေးခွန်းနှင့်စပ်လျဉ်း၍ AMI စနစ်ကိုကျင့်သုံးပါက လျှပ်စစ်မီတာ ခိုးယူသုံးစွဲသည့်ကိစ္စများ ပပျောက်သွားမည်ဟု လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြန် လည်ဖြေကြားခဲ့သည်။
''Non- Technical losses ဆိုတာ လူကြောင့်ဖြစ်ရတဲ့ လျှပ်စစ်ကို တရားမဝင်သုံးစွဲမှုဖြစ်ပါတယ်။ ဒါ့ကြောင့် AMI စနစ်ကို ကျင့်သုံးနိုင်ပြီဆိုရင် မီတာကို ခိုးယူသုံးစွဲတဲ့ကိစ္စတွေက ပပျောက်သွားမှာ ဖြစ်ပါတယ်။ မီတာဖတ်ခြင်းကို Control Center ကနေ ဖတ်နိုင်တဲ့အဆင့် အထိသွားနိုင်ရင်တော့ Non-Technical Losses တွေပါ ကျဆင်းသွားပြီးတော့ လေလွင့်ဆုံးရှုံးမှုတွေ နည်းပါးသွားမှာ ဖြစ်ပါ တယ်''ဟု ဝန်ကြီးက ပြောသည်။
AMI စနစ်တပ်ဆင်အသုံးပြုထား သော မြို့နယ်များဖြစ်သည့်ဒေါပုံမြို့နယ်တွင် မီတာအလုံးပေါင်း ၂၂၁၆၂ လုံး၊ ပန်းဘဲတန်းမြို့နယ်တွင် မီတာအလုံးပေါင်း ၁၆ဝဝဝ ကျော်ရှိကြောင်း Myanmar Machinery Manufacturing ကုမ္ပဏီအုပ်ချုပ်မှုဒါရိုက်တာ ဦးမျိုးအောင်ကပြောသည်။
လင်းလင်းအောင်
ဓာတ်ပုံ-ရွှေဖီး






0 comments:
Post a Comment