တောင်ကျချောင်းရေနှင့် ဒီရေဝင်ရောက်မှုကြောင့် ငပုတောမြို့နယ်၊ တင်းချောင်းကျေးရွာအုပ်စု ကျေးရွာ ၆ ရွာမှ နေအိမ် ၁၆၅ လုံး သြဂုတ်လ ၅ ရက်၊ ညနေ ၅ နာရီကျော်က နေနစ်မြုပ်ခဲ့ကြောင်း အဆိုပါကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးထံမှ သိရှိရသည်။
ဝက်ကော်ရွာမှ နေအိမ် ၁၁၈ လုံး၊ ငရုတ်ကောင်းတောင်ရွာမှ နေအိမ် ၁၅ လုံး၊ သစ်ထုတ်လုပ်ရေးရွာမှ နေအိမ် ၁၁ လုံး၊ သရက်စမ်းရွာမှ နေအိမ် ၁၀ လုံး၊ ဝါးကလောရွာမှ နေအိမ် ၆ လုံး၊ ထီးလုံးဖြူရွာမှ နေအိမ် ၅ လုံး ရေနစ်မြုပ်ခဲ့ကြောင်း အဆိုပါကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးကျော်မြင့်ထွန်းက ပြောကြားသည်။
ရေနစ်မြုပ်မှုကြောင့် လူနှင့်တိရစ္ဆာန်ပျောက်ဆုံးခြင်း၊ သေဆုံးခြင်းမရှိသော်လည်း ဝက်ကော်ကျေးရွာတွင်မူ စပါးတင်း ၂၂၀ ခန့် ရေစိုပျက်စီးခဲ့ကြောင်း၊ မိုးဆက်တိုက်ရွာနေသဖြင့် စောင့်ကြည့်ရန် ကင်းချထားပြီး အုပ်ချုပ်ရေးဌာနသို့လည်း အခြေအနေကို သတင်းပို့ထားကြောင်း ၎င်းက ရှင်းပြသည်။
ရေနစ်မြုပ်မှုအများဆုံးဖြစ်သည့် ဝက်ကော်ရွာ အိမ်ထောင်စု ၁၂၀ ခန့်မှ သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များကို အဆိုပါကျေးရွာ အလယ်တန်းကျောင်းနှင့် ဘုန်းကြီးကျောင်းတွင် ပြောင်းရွှေ့နေရာချထားပြီး ကျွဲ၊ နွား၊ ဝက်နှင့် အခြားတိရစ္ဆာန်များကိုလည်း ဘေးလွတ်ရာကုန်းပေါ်သို့ ပြောင်းရွှေ့ထားကြောင်း ယင်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ရုံးထံမှ သိရှိရသည်။
ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ တင်းချောင်းကျေးရွာအုပ်စုသည် ငပုတောမြို့နယ်အတွင်း ရခိုင်ရိုးမတောင်စွယ်ရှိ တောင်ခြေကျေးရွာများဖြစ်ပြီး ချောင်းမှာလည်း ပင်လယ်ဒီရေဝင်ရောက်သည့် တောင်ကျချောင်းများဖြစ်သဖြင့် မိုးရွာသွန်းချိန် ယင်းသို့ရေကျကာ နေအိမ် ၁၆၀ ကျော် ရေနစ်မြုပ်ခဲ့ခြင်းဖြစ်သည်။
The Voice






0 comments:
Post a Comment