မြန်မာနိုင်ငံသားများအနေဖြင့် အမေရိကန်နိုင်ငံသို့ ခရီးသွားလာရေးလွယ်ကူစေရန် လုပ်ငန်းကိစ္စနှင့် အလည်အပတ်ခရီးအတွက် ခွင့်ပြုသည့် B1 / B2 ပြည်ဝင်ခွင့်ဗီဇာကို ပေါင်း၍လျှောက်ထားနိုင်ကြောင်း သြဂုတ် ၁၂ ရက်တွင် အမေရိကန်သံရုံးက သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံသားများအနေဖြင့် အမေရိကန်ပြည်ထောင်စုသို့ လုပ်ငန်းကိစ္စနှင့် အလည်အပတ်ခရီး အတွက်ပါ ခွင့်ပြုသည့် B1 / B2 ပြည်ဝင်ခွင့် ဗီဇာကို ပေါင်း၍လျှောက်ထားနိုင်ပြီး ပြည်ဝင်ခွင့်ဗီဇာသည် တစ်ကြိမ်လျှင် သုံးလအထိ အကျုံးဝင်ကာ ဗီဇာရလျှင်ထုတ်ယူရသည့် ကြေးထပ်မံပေးဆောင်ရန် မလိုကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
“ကျွန်တော်တို့ နှစ်နိုင်ငံကြား ခရီးသွားလာမှုပိုမိုများပြားလာအောင် တည်ဆောက်တဲ့ အနေနဲ့ အခုဆိုရင် မြန်မာနိုင်ငံကနေ အမေရိကန်ပြည်ထောင်စုကို ခရီးသွားလာမှု ပိုမိုလွယ်ကူအောင် အမေရိကန်သံရုံးက ဆောင်ရွက်နေပါပြီ”ဟု အမေရိကန်သံအမတ်ကြီး စကော့မာစီရယ်က ပြောကြားသည်။
အမေရိကန်ပြည်ထောင်စုနှင့် မြန်မာနိုင်ငံအကြား ခရီးသွားလာမှုသည် မကြာသေး မီနှစ်များအတွင်း သိသိသာသာ များပြားလာခဲ့ကြောင်း၊ အမေရိကန်သံရုံးအနေဖြင့် ၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံသားများအတွက် ပြည်ဝင်ခွင့်ဗီဇာ ၁၄၀၀၀ နီးပါး ထုတ်ပေးခဲ့သည်ဖြစ်ရာ ၂၀၁၅ ခုနှစ်ကထက် ရာခိုင်နှုန်း ၄၀ တိုးတက်လာခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၁၇-၂၀၁၈ ကျောင်းဖွင့်ရာသီအတွင်း မြန်မာကျောင်းသူ၊ ကျောင်းသား ၁၅၀၀ ကျော် အမေရိကန်ပြည်ထောင်စုတွင် ကျောင်းတက်ခဲ့ကြပြီး ယင်းမှာ ယခင်နှစ်ကနှင့်နှိုင်းယှဉ်လျှင် ၁၆ ရာခိုင်နှုန်းတိုးလာခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ယခင်နှစ်အတွင်း မြန်မာနိုင်ငံသို့လာ ရောက်သော အမေရိကန်ခရီးသွား အရေအတွက်မှာလည်း တိုးလာခဲ့ပြီး ၂၀၁၉ ခုနှစ် ပထမနှစ်ဝက်အတွင်း အမေရိကန်နိုင်ငံသား ၃၅၀၀၀ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ရာ ၂၀၁၈ ခုနှစ် ပထမနှစ်ဝက်နှင့်နှိုင်းစာလျှင် သုံးရာခိုင်နှုန်းတိုးလာခဲ့ခြင်းဖြစ်ကြောင်း၊ အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံသို့ လာရောက်မှုအများဆုံး ထိပ်ဆုံးငါးနိုင်ငံစာရင်းတွင် တောက်လျှောက်ပါဝင်ကြောင်းနှင့် အာရှနိုင်ငံမဟုတ်သည့် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံသို့လာရောက်မှု အများဆုံးနိုင်ငံ ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
ထို့ပြင် နှစ်နိုင်ငံအကြား ခရီးသွားလာမှု ပိုမိုလွယ်ကူချောမွေ့ရေးအတွက် အမေရိကန်သံရုံးသည် မြန်မာနိုင်ငံအစိုးရနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး တပေါင်းတည်း လျှောက်၍ရသော ပြည်ဝင်ခွင့်ဗီဇာအသစ်သည် မြန်မာနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုအကြား ပိုမိုနီးကပ်သော ဆက်ဆံရေးကို အားပေးရာရောက်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
Eleven Media Group






0 comments:
Post a Comment