ကျောင်းကိုပန္နက်ရိုက်ရုံ၊ ဖဲကြိုးသွားဖြတ်ပေးရုံဖြင့် ပညာရေးအားပေးခြင်းမဟုတ်ကြောင်းမန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၀)အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်ဦးက ပြောဆိုသည်။
ဩဂုတ် ၁၃ရက်က ပြုလုပ်ခဲ့သော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အမျိုးသားပညာရေးမူဝါဒကော်မရှင်၏ ခြောက်လတာကာလ (၂၀၁၈ ခုနှစ်အောက်တိုဘာ ၁၀ ရက်မှ ၂၀၁၉ ခုနှစ် ဧပြီ ၉ ရက်အထိ) လုပ်ငန်းဆောင်ရွက်ခဲ့မှုနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များဆွေးနွေးရာ ၎င်းက ယင်းသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။
‘မြေပြင်အနေအထားမှာ ကျောင်းအုပ်တစ်ယောက်ဟာ မိမိကျောင်းအတွက် ပုံစံ ၁၀၅၊ ၁၀၆ ထုတ်တာတောင်မှ မလွယ်ကူပါဘူး။ ဒီလိုကိစ္စများဆိုရင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ နိုင်ငံရေးမှာ တာဝန်ရှိတဲ့ ဦးဆောင်မှုပိုင်းဆိုင်ရာ ပုဂ္ဂိုလ်တွေက ပညာရေးနဲ့ ပတ်သက်တဲ့လုပ်ငန်းတွေကို ဦးစားပေးလုပ်သင့်ကြောင်း ဌာနဆိုင်ရာ ညွှန်ကြားချက်များထုတ်၍ ပညာရေးအတွက် အကူအညီပေးသင့်ပါတယ်။ ကျွန်တော်တို့က ပညာရေးဘတ်ဂျက်မှာ လိုအပ်တာထက်ကို ၁၀ ရာခိုင်နှုန်းလောက်ရတဲ့ ကျောင်းလေးကို ပန္နက်ရိုက်ရုံ၊ ဖဲကြိုးသွားဖြတ်ပေးရုံနဲ့ ပညာရေးအားပေးတာမဟုတ်ဘူး’ဟု ဦးကျော်မြင့်ဦးက ပြောဆိုသည်။
ပညာရေးအသိုင်းအဝိုင်းတွင် တာဝန်ယူထားသူများသည် ပညာရေးအပြောင်းအလဲကို တိုင်းပြည်အပြောင်းအလဲ၏ အခရာအဖြစ်ထားပြီး ဖော်ဆောင်သင့်ကာ အပြောင်းအလဲကို ဖော်ဆောင်ရာတွင်လည်း ရှေ့တန်းတိုက်စစ်မှူးများဖြစ်ကြသည့် အခြေခံ ဆရာ၊ ဆရာမများအား ရုပ်ဝတ္ထု မပံ့ပိုးပေးနိုင်သေးလျှင်ပင် စိတ်ဓာတ်ခွန်အားများရရှိအောင် တာဝန်ရှိသူများက အမြဲထိတွေ့နေသင့်ကြောင်း ၎င်းက ပြောဆိုသည်။
‘နိုင်ငံတော်၏ အတိုင်ပင်ခံတောင်မှ အလုပ်များစွာကြားထဲက အိုကြီးအိုမနဲ့ နွေရာသီမှာ သင်တန်းပေးနေတဲ့၊ သင်တန်းတက်နေတဲ့ ဆရာ၊ ဆရာမများထံကို အားပေးစကား သွားရောက်ပြောကြားခဲ့သေးရင် ဒေသတွင်း တာဝန်ယူထားတဲ့ ပညာရေးမှာ တာဝန်ရှိသူတွေဟာ ပညာရေးဝန်ထမ်းများနဲ့အတူ အမြဲထိတွေ့လျက် လိုအပ်တာများကိုနိုင်သည့်ဘက်မှ ဖြေရှင်းပေးနိုင်အောင် ကြိုးစားဖြေရှင်းပေးကြရမှာ ဖြစ်ပါတယ်’ ဟု ဦးကျော်မြင့်ဦးက ပြောဆိုသည်။
ပညာရေးကို စတင်ပြောင်းလဲရန် အစိုးရသစ်လက်ထက်တွင် ကြိုးစားနေကြခြင်းဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် အခြေခံပညာ KG တန်းကစ၍ စတင်ပြောင်းခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ်တွင် Grade-1၊ ၂၀၁၈ခုနှစ်တွင် Grade-2 နှင့် ၂၀၁၉ခုနှစ်တွင် Grade-3 နှင့် Grade -6 ကို ပညာရေးစနစ် သင်ရိုးနှင့်အတူ သင်ကြားနည်းစနစ်ကို စတင်ပြောင်းလဲနေပြီဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
သင်ရိုးသင်နည်း၊ ဘာသာရေး အရေအတွက်၊ အချိန်ဇယား၊ စာမေးပွဲစနစ် စတာများကအစ သင်တန်းများပေး၍ စတင်ပြောင်းလဲရန် ကြိုးစားနေခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဆရာ၊ ဆရာမအင်အား၊ ကျောင်းဆောင်လိုအပ်ချက်၊ သင်ထောက်ကူ လိုအပ်ချက်၊ သင်နည်းကျွမ်းကျင်မှုလိုအပ်ချက် စသည့် လိုအပ်ချက်များသည် ရှိနေဦးမည်ဖြစ်ပြီး ယင်းတို့ကိုဖြည့်ဆည်းရင်းဖြင့် ပညာရေးကို မရရအောင်ပြောင်းကြရမည်ဖြစ်ကြောင်း ဦးကျော်မြင့်ဦးက ပြောဆိုသည်။
လက်ရှိတွင် ၂၀၁၆ -၂၀၂၁ ပညာရေးမဟာဗျူဟာစီမံကိန်းကို စိန်ခေါ်မှုများစွာကြားက အကောင်အထည်ဖော်နေခြင်းကို ကြိုဆိုကြောင်း၊ အဆိုပါစီမံကိန်းသည် အခြေခံပညာမှစ၍ အဆင့်မြင့်ပညာ၊ သက်မွေးပညာ စသည့် ပညာရပ်များကို သင်ရိုးသစ်နှင့်အတူ သင်ကြားနည်းပုံစံကိုပါ ပြောင်းလဲ၍ နိုင်ငံ၏မျိုးဆက်များကို ဆန်းသစ်တီထွင်တတ်သူများ၊ တွေးခေါ်မြော်မြင်တတ်သူများ၊ သဘာဝပတ်ဝန်းကျင်ကို လေးစားတန်ဖိုးထားသူများ၊ စာနာစိတ်ရှိသူများ၊ တာဝန်ခံမှု၊ တာဝန်ယူမှုရှိသူများ၊ နိုင်ငံကိုရေရှည်တည်တံ့အောင် စောင့်ထိန်းနိုင်မည့် နိုင်ငံသားကောင်းများအဖြစ် ဉာဏ်ပညာကြီးမားသည့် မျိုးဆက်တစ်ခုကို ပေါ်ထွန်းလာစေရေး ကြိုးစားလုပ်ဆောင်နေခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
‘အစီရင်ခံစာကို အကြံပြုလိုတာကတော့ အခြေခံပညာကျောင်းများကို ဆင်းတဲ့အခါမှာ ဆင်းရုံတင်မကဘဲ တိုင်းနဲ့ ပြည်နယ်အားလုံးရဲ့ တိုင်းတစ်တိုင်းကို ရွေး သို့မဟုတ် ပြည်နယ်တစ်ခုကိုရွေး၍ တိုင်းလုံးကျွတ်၊ ပြည်လုံးကျွတ် သုတေသနများ လုပ်သင့်ပါတယ်။ တွေ့ရှိချက်များ၊ အကြံပြုချက်များကိုအားမနာတမ်း အစီရင်ခံစာမှာ ဖော်ပြသင့်ပါတယ်’ဟု ဦးကျော်မြင့်ဦးက ပြောဆိုသည်။
ယင်းအစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ် ၂၄ ဦးကဆွေးနွေးခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် သက်ဆိုင်ရာကော်မရှင်နှင့် ပညာရေးဝန်ကြီးဌာနတို့က ပြန်လည်ရှင်းဆွေးနွေးခြင်း အစီအစဉ်နှင့် လွှတ်တော်က မှတ်တမ်းတင်ခြင်းကို ဩဂုတ် ၁၉ ရက်တွင် ပြုလုပ်မည့် ပြည် ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဆောင်ရွက်ရန် လျာထားကြောင်း လွှတ်တော်နာယကက ကြေညာခဲ့သည်။
သတင်း – မင်းမင်းထွန်း






0 comments:
Post a Comment