Wednesday, August 21, 2019

ဝိုင်ဘီအက်စ် ယာဉ်စီးခနှုန်းထားများ တိုးမြှင့်ကောက်ခံရန် အစီအစဉ်မရှိ

Image may contain: 3 people, people sitting
ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်ရပ်နားကွင်းများ တည်ဆောက်ခြင်းကြောင့် YBS ယာဉ်စီးခ နှုန်းထားများ တိုးမြှင့်ကောက်ခံရန် အစီအစဉ်မရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာ ပိုင်အဖွဲ့(YRTA)မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က သြဂုတ် ၂၁ ရက်တွင်ပြုလုပ်သည့် မီဒီယာများနှင့်တွေ့ဆုံခြင်း အခမ်းအနားတွင် ပြောကြားခဲ့သည်။

ယာဉ်ရပ်နားကွင်းများ တည်ဆောက်မှုကြောင့် ယာဉ် စီးခတိုးမြှင့်ကောက်ခံမည်ဟူသော သတင်းများ ထွက်ပေါ် နေမှုများအပေါ် YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင် က ပြန်လည်ဖြေရှင်းရာတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ် သည်။
"ယာဉ်ရပ်ကွင်းတွေ တည်ဆောက်မှုကြောင့် ယာဉ်စီးခ တိုးမြှင့်ခြင်း မဆောင်ရွက်ပါဘူး။ YRTAက ကျခံမှုနဲ့ ယာဉ် ရပ်ကွင်းတွေ တည်ဆောက်မှာပါ။ YBS ပေါ်ပေါက်တာဟာ ရန်ကုန်မြို့ရဲ့ ပြည်သူလူထု အကျိုးအတွက် ပေါ်ပေါက်တာပါ၊ ပုဂ္ဂလိက အကျိုးအတွက် ပေါ်ပေါက်တာ မဟုတ်ပါဘူး။ ဒါကြောင့် ယာဉ်စီးခ သည် ဒီအချိန်မှာ တခြားကောက်ခံတဲ့ နှုန်းထားတွေထက်မြင့်တဲ့အချိန်မှာ YBS ကပါ ဒီလို ပါလာတယ်ဆိုရင် ဒါကျွန်တော်တို့ အပေါ်မှာ ပြည်သူလူထုရဲ့သုံးသပ်ချက်က တစ်မျိုးတစ်မည် ဖြစ်သွားနိုင်ပါတယ်"ဟု ဦးလှအောင်က ပြောဆိုသည်။
ယာဉ်ရပ်နားကွင်းများကို YRTA ၏ ရန်ပုံငွေထဲမှ ကြိုးပမ်းအကောင်အထည် ဖော်နေခြင်းဖြစ်ပြီး ယင်းကဲ့သို့ ဆောင်ရွက်မှုကြောင့် ယာဉ်စီးခတိုးမြှင့်ကောက်ခံသွားမည်မဟုတ်ဘဲ လက်ရှိသတ်မှတ်ထားသည့် နှုန်းထားဖြင့်သာ တည်ရှိနေမည်ဖြစ်ကြောင်း၊ YBS ယာဉ်စီးခနှုန်းထားများ တိုးမြှင့်ကောက်ခံမည့် အစီအစဉ်မှာ အလွန်အရေးကြီးပြီးရင်းနှီးမြှုပ်နှံထားသည့် ကုမ္ပဏီများအတွက် အရေးကြီးသကဲ့သို့ YBS စီးနင်းသည့်ခရီးသွားပြည်သူများအတွက်လည်း အရေးကြီးကြောင်း ဦးလှအောင်က ပြောကြားသည်။
"ဒါကြောင့် ယာဉ်စီးခတွေ တိုးကောက်ဖို့ လက်ရှိအစီအစဉ်မှာ မရှိပါဘူး။ ယာဉ်စီးခကိုသွားဖို့ဆိုတာ အရမ်းတွက်ရပါတယ်။ အခု ယာဉ်တွေကို ပြောင်းလဲလိုက်တဲ့အတွက်တန်ဖိုးမြင့်ပေမယ့် ပြည်သူလူထု အနေအထားကို ကြည့်ပြီးတော့ တစ်ဖက်ကကုမ္ပဏီတွေထူထောင်နိုင်အောင် တစ်ဖက်က ပြည်သူတွေဘက်က သက်ရောက်မှု ဘယ်လိုဖြစ်မလဲဆိုတာကို တိုင်းဒေသကြီးအစိုးရက အမြဲတမ်း တွက်ပါတယ်"ဟု ဦးလှအောင်က ပြောဆိုသည်။
ထိုသို့ ယာဉ်စီးခ နှုန်းထားများ တိုးမြှင့်ကောက်ခံမည်ဆိုပါက ပြည်သူလူထုအပေါ်သက်ရောက်မှုရှိသည့်အတွက်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း ယင်းအချက်ကို အလေးထား ထည့်သွင်းဆွေးနွေးနေကြောင်း သိရသည်။
လက်ရှိတွင် လှိုင်သာယာမြို့နယ် သမကုန်း၌ ကျပ်သိန်း ၃၀၀၀ နီးပါး ကုန်ကျ မည့်YBSယာဉ်ရပ်နားကွင်းကို YRTA ၏ ငွေကြေးဖြင့်သာ တည်ဆောက်နေခြင်းဖြစ်ကြောင်း၊ YBS ယာဉ်များ ရပ်နားနိုင်မည့် အဆိုပါယာဉ်ရပ်နားကွင်းကို လှိုင်သာယာမြို့နယ် သမကုန်းရှိ မြေ ဧက ၁ ဒသမ ၈၃၆ ဧကပေါ်တွင် တင်ဒါအောင်မြင်ထားသည့်ပြေအောင်ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်သွားမည်ဖြစ်ကြောင်း YRTAမှ သိရသည်။
YRTA အနေဖြင့်YBS ယာဉ်ရပ်နားကွင်းများ ဆက်လက်တည်ဆောက် နိုင်ရန်အတွက် သက်ဆိုင်ရာ မြို့နယ်များတွင် မြေနေရာများ ရှာဖွေလျက်ရှိပြီး မြေနေရာရရှိရန်အခက်အခဲရှိကာ လက်ရှိတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ မြေငှားရမ်း၍ ဆောင်ရွက်နေရခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - စည်သူဟိန်း

0 comments:

Post a Comment