Sunday, August 25, 2019

ဖွဲ့စည်းပုံပြင်ချင်တယ်ဆိုတာ နိုင်ငံရေးကစားကွက် တစ်ခုသာဖြစ်ဟု ပြည်ခိုင်ဖြိုးအမတ်ဆို

ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ၄၅ဦးပါဝင်သော ကော်မတီဖွဲ့ပြီးဆောင်ရွက်နေခြင်းမှာ ဥပဒေနှင့်မညီညွှတ်ဘဲ နိုင်ငံရေးအရ ကစားကွက်တစ်ခုသာဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ဆိုသည်။

ယမန်နေ့က ၎င်း၏မဲဆန္ဒနယ်ဖြစ်သော ပျော်ဘွယ်မြို့နယ်မှပြည်သူများနှင့်တွေ့ဆုံစဉ်ဦးသောင်းအေးက ယခုလို ပြောဆိုခဲ့ခြင်းဖြစ်သည်။
"ကျွန်တော်တို့တိုင်းပြည်က လောလောလတ်လတ် ဘာဒုက္ခမှ မရောက်ပါဘူး။ဖွဲ့စည်းပုံကိုပြင်ဆင်ချင်တာ ပြည်သူအားလုံး မဟုတ်ဘူး။အဲ့ဒီထဲမှာ နိုင်ငံသားအခွင့်အရေးတွေ အကုန်ပေးထားတယ်။ဖွဲ့စည်းပုံပြင်ချင်တယ်ဆိုတာ နိုင်ငံရေးကစားတာ။ နိုင်ငံရေးသမားတွေလုပ်နေတာ။ဒီအခြေခံဥပဒေက ပြည်သူတွေကို ဒုက္ခပေးနေတဲ့အနေအထားမရှိဘူး"ဟု ဦးသောင်းအေး က ပြောဆိုခဲ့သည်။
ထို့အပြင် ပြည်ထောင်စုလွှတ်တော်တွင်ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ၎င်းတင်သွင်းခဲ့သော အရေးကြီးအဆိုကိုလည်း ပယ်ချခံခဲ့ရသည်ဟု ဆက်လက်ပြောဆိုသည်။
"ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်သင့်တဲ့အချိန်မှာ ဘယ်လိုပြင်ပါဆိုပြီးတော့ အဲ့ဒီဥပဒေမှာ ထည့်ရေးထားတယ်။ အဲ့ဒီ အတိုင်းသွားရမယ်။ အဲ့ဒီအတိုင်းမဟုတ်ဘဲနဲ့ အခြားနည်းလမ်းနဲ့ပြင်မယ်ဆိုရင် ဥပဒေအပြင်ဘက်ကိုရောက်နေပြီ။ ဥပဒေနဲ့မညီတဲ့အလုပ်ကို မလုပ်ပါနဲ့ဆိုပြီး ကျွန်တော်တို့က ကန့်ကွက်တာ။ပြင်တာကိုကန့်ကွက်တာ မဟုတ်ဘူး။ပြင်တာကို ဥပဒေနဲ့အညီလုပ်ဖို့ပဲ ကျွန်တော်တို့ကပြောတာ။ဒါကို ဇွတ်မဲခွဲပြီးတော့ အတည်ပြုတယ်"ဟု လည်း ဖွဲ့စည်းပုံပြင်ဆင်ရေး ကော်မတီကို ဝေဖန်ပြောဆိုခဲ့သည်။
၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန်အချက်မှာ လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ရွေးကောက်ပွဲမတိုင်ခင်ကပေးထားသော ကတိကဝတ်တစ်ခုဖြစ်ပြီးယခု အစိုးရသက်တမ်း လေးနှစ်ကျော်တွင် ပြင်ဆင်ရန် စတင် ဆောင်ရွက်လာခြင်းလည်းဖြစ်သည်။
အောင်ခန့်(နေပြည်တော်)

0 comments:

Post a Comment