
ကရင်ပြည်နယ်အတွင်း လက်ရှိရေကြီးရေလျှံဖြစ်ပေါ်နေမှု အခြေအနေများအပေါ်ဒေသခံလူထုအနေဖြင့် စိုးရိမ်မှုမလွန်ကဲရန်နှင့် အရေးပေါ်အခြေအနေများအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြောင်း ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် မွန်လူမျိုးတိုင်းရင်းသားရေးရာဝန်ကြီး ဦးမင်းတင်ဝင်းက ပြောကြားသည်။
''အခုဒီနေ့ ပဲ ကျွန်တော်တို့ ရေဘေးနဲ့ပတ်သတ်ပြီး စီမံထားတာတွေ အခြေအနေတွေအားလုံးကိုစစ်ဆေးပြီး ပါပြီ။ စိုးရိမ်ရေအမှတ်ကျော်နေပြီဆိုတဲ့ သတင်းတွေကမဟုတ်ပါဘူး။ကျွန်တော်တို့ ဟိုးအစောကြီးထဲက ကြိုတင်ပြင်ဆင်ထားပြီးသားပါ။ဒေသခံလူထုအနေနဲ့ ပြင်ပက သတင်းတွေကြားပြီး စိုးရိမ်မှု မလွန်ကဲကြ ဖို့ တင်ပြချင်ပါတယ်။အရေးပေါ်အခြေအနေတွေဖြစ်လာရင်လည်း ကျွန်တော်တို့ ပြင်ဆင်ပြီးသားပါ ။ စားနပ်ရိက္ခာတွေ ကယ်ဆယ်ရေးစခန်းတွေအဆင်သင့်ပါပဲ ''ဟု ဝန်ကြီးက ပြောကြားသည်။
ကရင်ပြည်နယ်သည် ပြီးခဲ့သည့် ၅နှစ်အတွင်း ရေကြီးရေလျှံမှုဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရပြီး ၂၀၁၈ ခုနှစ် အတွင်း ရေကြီးရေလျှံမှုများကြောင့် နေအိမ်အများအပြားပျက်စီးဆုံးရှုံးကာ လူသေဆုံး၊ ပျောက်ဆုံးမှုများရှိခဲ့ ကြောင်းသိရသည်။
''ကယ်ဆယ်ရေးစခန်းတွေကတော့ အဆင်သင့်ရှိပါတယ်။အခုဟာက စိုးရိမ်စရာအခြေအနေမဟုတ်သေးတော့ ကယ်ဆယ်ရေးစခန်းတွေမှာ လာရောက်နေထိုင်သူတွေမရှိသေးပါဘူး''ဟု ပြည်နယ်ဝန်ကြီးကပြောသည်။
ကရင်ပြည်နယ်၊မြဝတီမြို့နယ် နှင့်ဘားအံမြို့နယ်များတွင် ပြီးခဲသည့်ရက်ပိုင်းမှစတင်ကာ သံလွင်မြစ်နှင့် သောင်ရင်းမြစ်ရေတက်လာမှုကြောင့် ရေအနည်းငယ်တက်လာခဲ့ပြီး လက်ရှိအချိန်တွင် လရေပြန်ကျနေပြီ ဖြစ်ကြောင်း အခြားမြို့နယ်များ၌ စိုးရိမ်ရသည့် အခြေအနေမဟုတ်သေးကြောင်းလည်း ကရင်ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးဦးမင်းတင်ဝင်းက ပြောသည်။

ကိုဖူးသစ်
photo credit ကရင်ပြည်နယ်ဘားအံမြို့တစ်နေရာအားတွေ့ရစဉ်






0 comments:
Post a Comment