အဂတိလိုက်စားမှုများဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသော ဆူဒန်အာဏာရှင် သမ္မတဟောင်း အိုမာအယ်လ်ဘရှီယာကို မြို့တော်ခါသွန်းရှိ တရားရုံးတော်တွင် အမှုစစ်ဆေးမှုမပြုလုပ်မီ ၎င်း၏ သစ္စာတော်ခံ ခရိုနီများက ၎င်းရှိရာအကျဉ်းထောင်ကိုဖောက်ပြီး ကယ်ထုတ်ရန် ကြိုးပမ်းမှုတစ်ရပ် ဖြစ်ပွားသွားကြောင်း CNN သတင်းဌာနက ရေးသားဖော်ပြသည်။
အသက် ၇၄ နှစ်အရွယ်ရှိသမ္မတဟောင်း အိုမာအယ်လ်ဘရှီယာ၏ သစ္စာတော်ခံခရိုနီများသည် ခါသွန်းမြို့ရှိ နာမည်ကျော် ခိုဘာအကျဉ်းထောင်ကိုဖောက်ရန် ပြီးခဲ့သည့်ဇွန်လအတွင်းက ကြိုးပမ်းခဲ့ကြောင်း ဆူဒန်ရဲတပ်ဖွဲ့၏ အစီရင်ခံချက်တွင် ဖော်ပြထားသည်။ အဆိုပါအစီရင်ခံချက်ကို CNN သတင်းဌာနက ဖတ်ရှုခွင့်ရရှိခဲ့ခြင်းဖြစ်သည်။
ထိုသို့ ထောင်ဖောက်ရန် ကြိုးပမ်းမှုတွင် ပါဝင်ပတ်သက်သူများ မည်သူမည်ဝါဖြစ်သည်ကို အတိအကျရေးသားထားခြင်း မရှိသလို ယင်းကိစ္စနှင့်ပတ်သက်၍ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူ မည်ရွှေ့မည်မျှအထိ ရှိခဲ့သည်ဆိုသည်ကိုလည်း ဖော်ပြမှုမပြုပေ။
သမ္မတဟောင်း အိုမာအယ်လ်ဘရှီယာ၏ရှေ့နေဖြစ်သူက ယင်းထောင်ဖောက်ရန်ကြိုးပမ်းမှုကြီးတွင် ၎င်းပါဝင်ပတ်သက်မှု မရှိခဲ့ဟု CNN သို့ ပြောကြားသည်။
“သူ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီးကတည်းက ကျွန်တော်သူနဲ့ နှစ်ကြိမ်တွေ့ပြီးပြီ၊ အဲဒီထောင်ဖောက်မှု ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဘာမှမပြောပါဘူး၊ အာဏာပိုင်တွေဘက်ကလည်း အိုမာအယ်လ်ဘရှီယာ ပါဝင်ပတ်သက်ခဲ့ပါတယ်လို့ စွပ်စွဲပြောဆိုတာ မရှိပါဘူး”ဟု ရှေ့နေဖြစ်သူ ဟတ်ဆန်အဘူဘာကာအယ်လ်ဂါလေက ပြောကြားသည်။
ထိုသို့ သစ္စာတော်ခံခရိုနီများ၏ ဖမ်းဆီးခံထားရသော အိုမာအယ်လ်ဘရှီယာလွတ်မြောက်ရန် ထောင်ဖောက်ခဲ့သည် ဆိုသောကိစ္စဖြစ်ပေါ်ပြီးကတည်းက ၎င်းနှင့်အနီးတစ်ဝိုက်တွင် လုံခြုံရေးများ အထူးတိုးမြှင့်ထားခဲ့သည်ကိုတွေ့ရသည်။
တနင်္လာနေ့က တရားရုံးတော်တွင် ၎င်း၏ အမှုအားကြားနာစစ်ဆေးခဲ့ရာ တရားရုံးအနီးတစ်ဝိုက်တွင် လက်နက်တပ်ဆင်ထားသော စစ်သုံးယာဉ်များဖြင့် စောင့်ကျပ်ထားသည်ကိုတွေ့မြင်ရသည်။
နှစ်နာရီခန့် ကြာမြင့်သော တရားရုံးတော်ကြားနာမှုတွင် အိုမာအယ်လ်ဘရှီယာက စွဲချက်များနှင့်ပတ်သက်၍ ကျူးလွန်ခဲ့ခြင်းမရှိပါကြောင်း ပြောကြားသည်။
၎င်းသည် နိုင်ငံခြားမှ ငွေကြေးများ လက်ဝယ်ထားရှိမှု၊ အဂတိလိုက်စားမှု၊ တံစိုးလက်ဆောင်များ တရားမဝင်ရယူမှု စသည်တို့ဖြင့် စွဲချက်တင်ခံထားရခြင်းဖြစ်သည်။
သမ္မတဟောင်း အိုမာအယ်လ်ဘရှီယာသည် ဆူဒန်နိုင်ငံတစ်ဝန်း ဆန္ဒပြမှုများနှင့် မတည်မငြိမ်မှုများဖြစ်ပေါ်လာပြီးနောက် ဧပြီလ စစ်အာဏာသိမ်းမှုတွင် ရာထူးမှ ဖယ်ရှားခံခဲ့ရခြင်းဖြစ်သည်။
The Voice






0 comments:
Post a Comment