ညောင်ရွှေမြို့နယ် အင်းလေးဒေသ နန်းပန်ကျေးရွာအုပ်စုကို ရပ်ကွက် ၄ ခုဖြင့် မြို့အဖြစ် မကြာခင် တိုးချဲ့အဆင့်မြှင့်တင်သွားမယ်လို့ သိရပါတယ်။
မြို့အဖြစ်သတ်မှတ်ပေးဖို့ ဒေသခံတွေက နိုင်ငံတော်သမ္မတထံ တင်ပြတောင်းဆိုပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကလည်း လွှတ်တော်မှာကြယ်ပွင့်ပြမေးခွန်း မေးမြန်းခြင်းတွေ ကြောင့် မြို့သတ်မှတ်ဖို့ အစိုးရအဖွဲ့များက ကွင်းဆင်းစစ်ဆေးပြီးပြီ လို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်က ပြောပါတယ်။
နန်းပန်ရွာကို မြို့အင်္ဂါဖြစ်တဲ့ ရဲစခန်း၊ ကုတင် ၅၀ ဆေးရုံ၊ ကျေးလက်ကျန်းမာရေး၊ မြို့ပိုင်ရုံးမြေနေရာ၊ မီးသတ်စခန်း၊ အထက ခွဲ စာသင်ကျောင်းနဲ့ စျေးတွေရှိထားပြီး လမ်းကိုလည်း တိုးချဲ့လုပ်ဆောင်သွားမယ်လို့ မြို့ရရှိရေးကော်မတီ အတွင်းရေးမှူး ဦးအောင်ကြည်ဝင်းက ပြောပါတယ်။
နန်းပန်ကျေးရွာအုပ်စုကို ကုန်းတဝက်ရေတဝက် တည်ထားတာဖြစ်ပြီး ကျေးရွာ သုံးရွာပေါင်းပြီး တရပ်ကွက်ဖွဲ့စည်းလိုက်တာပါ။
နန်းပန်ကျေးရွာ၊ ကုန်းကယ်ကျေးရွာ၊ ကြာတောကျေးရွာက ရပ်ကွက် ၁၊ ပေါက်ပါကျေးရွာ၊ ရေလယ်ကျေးရွာကို ရပ်ကွက် ၂၊ စျေးပါကျေးရွာ၊ စျေးကုန်းကျေးရွာ၊ နောက်ကန်ကျေးရွာတွေကို ရပ်ကွက် ၃၊ သရက်ပင်၊ မန်ကျီးကုန်း၊ ရေတွင်းပက်ကျေးရွာတွေကို ရပ်ကွက် ၄ အဖြစ် ဖွဲ့စည်းလိုက်တာပါ။
နန်းပန်ကျေးရွာအုပ်စုမှာ အိမ်ခြေ ၁ ထောင်ကျော်ရှိပြီး လူဦးရေ ၅ ထောင်ကျော် ရှိတယ်လို့သိရပါတယ်။
နန်းပန်ဟာ ၁၉၅၉ ခုနှစ် စော်ဘွားတွေ အာဏာစွန့်လွှတ်စဉ် အင်းလေးတောင်ပိုင်းဒေသကို နန်းပန်မြို့နယ်အဖြစ် ဖွဲ့စည်းခဲ့ပြီး ပြည်တွင်းမငြိမ်းချမ်းမှုတို့ကြောင့် နန်းပန်မြို့နယ်ကို မြို့နယ်အဆင့်မှ လျော့ချပြီး ညောင်ရွှေမြို့နယ်အတွင်း ထည့်သွင်းဖွဲ့စည်းထားတာဖြစ်ပါတယ်။
ခွန်ရာဇာ
DVB
0 comments:
Post a Comment