
၂၀၂၀ အထွေထွေးရွေးကောက်ပွဲကြီးကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲကောမရှင်ရုံးတွင် နိုင်ငံရေးပါတီအားလုံးနီးပါးပါဝင်သော ညှိနှိုင်းအစည်းအဝေးကို သြဂုတ် ၂၃ ရက်တွင် ကျင်းပပြုလုပ်သည်။
ရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီ ၈၈ ပါတီအား ဖိတ်ကြားခဲ့ရာ ယနေ့ ညှိနှိုင်းအစည်းအဝေးသို့ ၈၄ ပါတီတက်ရောက်ကြောင်း သိရသည်။
“တက်ရောက်လာတဲ့ ရာခိုင်နှုန်းကိုကြည့်ခြင်းအားဖြင့် နိုင်ငံရေးပါတီတွေဟာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့ညှိနှိုင်းပြီးတော့ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို အောင်မြင်အောင်ကျင်းပလိုတဲ့ဆန္ဒ ပြင်းပြတယ်ဆိုတာ ကျွန်တော်တို့ သိရပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီလိုဖိတ်ကြားပြီးတော့ရရှိလာတဲ့ ဆွေးနွေးချက်တွေကနေ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအောင်မြင်အောင် သမိုင်းမှတ်တမ်းတခု ထူနိုင်အောင် ကြိုးစားဆောင်ရွက်ဖို့လည်း အဓိဌာန် ပြုပြီးသားပါ။ ကျွန်တော် နည်းနည်းကြိုတင် မေတ္တာရပ်ခံချင်တာက ဆွေးနွေးပွဲခေါင်းစဉ်ကို ဘောင်မကျော်သွားဖို့တော့ တင်ပြချက်တွေကို သတိထားပြီးဆွေးနွေးပေးဖို့ မေတ္တာရပ်ခံလိုပါတယ်။ ဘာကြောင့် ဒီလိုပြောရလည်းဆို အချိန်က လုလုပ်နေရတဲ့အတွက် သိပ်အရေးမကြီးတာတွေကို ဆွေးနွေးသွားရင် ကျွန်တော်တို့ ဆွေးနွေးမှာက ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့ နိုင်ငံရေးပါတီ ဆွေးနွေးပွဲ။ ဒါကြောင့်မို့ ခေါင်းစဉ်ကိုက ၂၀၂၀ ရွေးကောက်ပွဲ အောင်မြင်အောင် လုပ်မယ်။ ကျွန်တော်တို့ ပြီးခဲ့တဲ့ အတိတ်ကာလကဟာတွေကို ပြန်ပြီးတော့ ၂၀၁၀ က ဘယ်လိုဖြစ်တယ်။ ၂၀၁၅ က ဘယ်လိုဖြစ်တယ် အဲ့ဒါတွေ ပြန်ပြောနေရင် ကျွန်တော်တို့ သွားတဲ့ ၂၀၂၀ ကြီ ပျောက်သွားမှာစိုးလို့။ အဲ့ဒါကြောင့် ၂၀၂၀ ခေါင်းစဉ်ကို အဓိကထား ဆွေးနွေး ပေးပါလို့ မေတ္တာရပ်ခံချင်တာပါ”ဟု ကော်မရှင်ဥက္ကဌ ဦးလှသိန်းက ပြောကြားသည်။
လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ဆောင်ပုဒ်မှာ ‘အများယုံကြည်လေးစားသော လက်တွေ့ရွေးကောက်ပွဲများမှ ဒီမိုကရေစီနိုင်ငံသစ်ဆီသို့’ဖြစ်ကြောင်း၊ အများယုံကြည်လေးစားလက်ခံသော
ရွေးကောက်ပွဲမဟုတ်လျှင် ဟန်ပြရွေးကောက်ပွဲသာဖြစ်မည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ဟန်ပြရွေးကောက်ပွဲမဟုတ်ဘဲ စံပြရွေးကောက်ပွဲဖြစ်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
အဆိုပါညှိနှိုင်းအစည်းအဝေးတွင် ကော်မရှင်ဥက္ကဌက အဖွင့်အမှာစကားပြောကြားနေစဉ်အတွင်း သတင်းမီဒီယာသမားများအား အစည်းအဝေးခန်းမအပြင်သို့ ထွက်ခွာစေခဲ့ကြောင်း သိရသည်။




ထွန်း(နေပြည်တော်)






0 comments:
Post a Comment