Thursday, August 22, 2019

မိမိအပါအ၀င် မျက်ရည်တောက်တောက်ကျနေကြသည့် စီးပွားရေးလုပ်ငန်းရှင်များရှိနေဟု ဇေကမ္ဘာဦးခင်ရွှေပြော

Image may contain: 3 people, people smiling, people sitting
မိမိအပါအ၀င် မျက်ရည်တောက်တောက်ကျရသည်အထိ စီးပွားရေး အခက်အခဲများရှိနေကြသည့် လုပ်ငန်းရှင်များရှိနေကြကြောင်း မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များအသင်း နာယက ဇေကမ္ဘာဦးခင်ရွှေက ပြောဆို သည်။

သြဂုတ် ၂၂ ရက်က တော်ဝင်ဂါးဒင်းဟိုတယ်၌ ပြုလုပ်သည့် ]မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းရှင်များအသင်း ဖွဲ့စည်းခြင်းနှင့် နိုင်ငံတော်သို့ လက်ရှိ စီးပွားရေးအခြေအနေအား တင်ပြခြင်းကိစ္စ"အခမ်းအနားတွင် ၎င်းက ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
"အားလုံးပူနေကြတာက ကျွန်တော်ပဲဖြစ်ဖြစ်၊ ကျွန်တော့်အလုပ်သမား ၄၀၀၊ ၅၀၀ ရှိတယ်။ သူတို့ကို မဖြုတ်ရက်ဘူး။ တကယ်လို့ ဖြုတ်လိုက်တယ်ဆိုရင် သူ တို့ဒီအပြင်မှာ ဒီအချိန်မှာ အလုပ်သွားလုပ်လို့ မရဘူး။ တစ်နေရာ လုပ်လို့မရဘူး။ ကိုယ်နဲ့လက်တွဲလာခဲ့တော့ သူတို့လစာအတွက်တစ်လတစ်လကို ခေါင်းခဲအောင် သိန်းပေါင်း ၂၀၀၀၀ လောက်မှမရှိရင်ကျွန်တော်ရပ်တည်လို့မရဘူး။ နေ့တိုင်းလည်း အိပ်မပျော်ဘူး။ ထိုင်နေရင်းနဲ့ မနက် ၁ နာရီလောက်ဆိုရင်နိုးပြီး လူကသရဲခြောက်သလိုဖြစ်နေတယ်။ မျက်ရည်ကို တောက်တောက်ကျပြီး ငါဘယ်လိုလုပ်ရပ်တည်ရမလဲဆိုပြီး အဲဒီလို နေနေရတဲ့ အနေအထားမျိုးရှိတယ်" ဟု ၎င်းက ပြောဆိုသည်။
စီးပွားရေးနှင့် ပတ်သက်ပြီး မျက်ရည်ကျနေကြခြင်းသည် မိမိတစ်ယောက်တည်းသာမက ထုတ်မပြောဘဲ မျက်ရည်ကျနေကြသူများ များစွာရှိသည်ဟု ပြောဆိုသည်။
ထို့ပြင် မိမိသည် ခရိုနီ၊ မြေသိမ်းခဲ့သူ၊ ကားပါမစ်လုပ်ခဲ့ခြင်း မဟုတ်ကြောင်း နှင့် မြေတစ်လက်မ သိမ်းပြီး ကားပါမစ်တစ်စောင်ရခဲ့ပါက တရားစွဲပါဟု ၎င်းကပြောဆိုသည်။
"မြန်မာနိုင်ငံမှာ အများက ခရိုနီလို့ခေါ်ခံနေကြရတဲ့ သူဌေးတွေရဲ့ ပိုင်ဆိုင်မှုကို ပေါင်း၊ အိမ်နီးချင်းနိုင်ငံက နာမည်ကြီး သူဌေးတစ်ယောက်နဲ့ ယှဉ်ရင် မြန်မာရဲ့ ပိုင်ဆိုင်မှုက နည်းပါတယ်။ များမှာကတော့ အကြွေးပါ" ဟု ၎င်းက ပြောဆိုသည်။
လက်ရှိနိုင်ငံအနေနှင့် များစွာမကြီးပွား၊ မတိုးတက်ရခြင်းအကြောင်းရင်းထဲတွင်မုဒိတာဟုခေါ်သည့် သူတစ်ပါးကောင်းစားခြင်းကို ၀မ်းသာမပေးသောစိတ်နည်းပါးခြင်း၊ သူတစ်ပါးကိုသာ အပြစ် ရှာနေပြီး အလုပ်ကို အလုပ်နှင့် တူအောင်မလုပ်ကြခြင်း များပါဝင်ကြောင်း ၎င်းကပြောဆိုသည်။
သတင်း၊ ဓာတ်ပုံ - စိုးစိုးစံ

0 comments:

Post a Comment