
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ မြို့တော်ခန်းမ၌ ထားဝယ်ခရိုင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးခြင်းလုပ်ငန်း တင်ဒါဖွင့် ပွဲကို သြဂုတ် ၂၀ ရက်ကကျင်းပခဲ့ပြီး တင်ဒါယှဉ်ပြိုင်သည့် ကုမ္ပဏီများ၏ အမှတ်ပေးဇယား နှင့် ရမှတ်ကိုထုတ်ပြန်ပေးမည်မဟုတ်ကြောင်း တိုင်းဒေသကြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးက ပြောကြားသည်။
ထားဝယ်ခရိုင် လျှပ်စစ်ဓာတ်အားထုတ် လုပ်ဖြန့်ဖြူးခြင်းလုပ်ငန်းအတွက် လျှောက်လွှာတင်သွင်းမှုများကို ပြီးခဲ့သည့်ဇူလိုင် ၈ ရက်မှ သြဂုတ် ၈ ရက်အထိရောင်းချခဲ့ပြီး တင်ဒါလျှောက်လွှာဝယ်ယူမှု ၂၇ စောင်ရှိခဲ့သော်လည်း တင်ဒါလျှောက်လွှာတင်သွင်းရမည့် နောက်ဆုံးနေ့အထိ လျှောက်လွှာတင်သွင်းသည့် ကုမ္ပဏီနှစ်ခုတည်းသာရှိခဲ့ကြောင်း၊ အဆိုပါကုမ္ပဏီနှစ်ခု၏ တင်ဒါလျှောက်လွှာများကို သြဂုတ် ၂၀ ရက် မွန်းလွဲ ၂ နာရီတွင် ထားဝယ်မြို့တော်ခန်းမ၌ ဖွင့်ဖောက်စစ်ဆေးခဲ့ပြီး ကုမ္ပဏီများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကာ တင်ဒါဖွင့်ပွဲအတွင်း ကုမ္ပဏီနှစ်ခု၏ Gas ဈေးနှုန်းအခြေခံတွက်ချက်မှု မတူညီသောကြောင့် စောဒကတက်မှုများရှိခဲ့ကာ အချေအတင်ဖြစ်ပွားမှု ရှိခဲ့ကြောင်း သိရသည်။
“အခုဒီမှာပေးထားတဲ့ဟာဆိုရင် လျှပ်စစ်လုပ်ငန်းကြီးတစ်ခုလုံးအတွက် အဓိကလိုအပ်တဲ့ အချက်အလက်တွေပါ။ အဲဒီဟာ တွေပြည့်စုံမှ ကျွန်တော်တို့ လျှပ်စစ်လုပ်ငန်းတစ်ခု လည်ပတ်နိုင်မှာပါ။ ဈေးနှုန်းတစ်ခုတည်းကို အခြေခံပြီး လုပ်မယ်ဆိုရင် ပြီးခဲ့တဲ့ GGS ပြဿနာဖြစ်သလို ဖြစ်သွားနိုင်တယ်။ ဒါကိုလည် ကျွန်တော်တို့က သင်ခန်းစာယူပြီးတော့ ဈေးနှုန်းတစ်ခုတည်းကို ကျွန်တော်တို့က တွက်ချက်တာမဟုတ်ဘူး။ ဈေးနှုန်းကိုများ တယ်ဆိုရင် ကျွန်တော်တို့က အမှတ်ဘယ်လောက် ပေးထားတယ်။ နည်းတဲ့သူဆိုရင် အမှတ်ဘယ်လောက်ပေးတယ်ဆိုတာ ကျွန်တော်တို့ဆီမှာ အမှတ်ရှိပြီးသားပါ။ သို့သော်လည်း ကျွန်တော်တို့ အမှတ်ပေးဇယားကို ထုတ်ပြမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ တစ်တိုင်းလုံးတင်ဒါခေါ်ဖို့ မြို့တွေအများကြီး ကျန်သေးတယ်။ ဒါကြောင့်မို့လို့ အဲဒီဟာကိုတော့ ကျွန်တော်တို့က လျှို့ဝှက်ထားရမှာဖြစ်တဲ့အတွက် မီဒီယာကိုလည်း ဒီကနေတစ်ခါတည်း မေတ္တာရပ်ခံလိုပါတယ်။ အဲဒီတွက်ချက်တဲ့ အမှတ်ပေးတဲ့ အမှတ်တွေကိုတော့ ကျွန်တော်တို့ကို မမေးပါနဲ့ ။ ကျွန်တော်တို့ဖြေမှာ မဟုတ်ဘူး။ ပြီးတော့ နောက်ထပ်တင်ဒါတွေလည်း ကျွန်တော်တို့ အများကြီးခေါ်ရဦးမှာပါ။ အဲဒါ အင်မတန်အရေးကြီးတာပါ။ ကျွန်တော်တို့ ကော်မတီဝင်တွေကနေပြီးတော့ ဘယ်သူ့မှ မပေးဘူး။ အဲဒီအမှတ်ပေးဇယား။ နောက်ထပ် တင်ဒါတွေခေါ်မယ်ဆို အများကြီးပြဿနာရှိလာနိုင်လို ကျွန်တော်တို့ ပြောခြင်းဖြစ်ပါတယ်” ဟု တိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောကြားသည်။ သြဂုတ် ၂၀ ရက်တွင်ကျင်းပသော ထားဝယ်ခရိုင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးခြင်း တင်ဒါဖွင့်ပွဲသည် တိုင်းဒေသကြီးအတွင်း ပထမဆုံး အဖြစ်ပွင့်ပွင့်လင်းလင်း ကျင်းပခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းတင်ဒါဖွင့်ပွဲ၌ တင်ဒါဖွင့်ဖောက်ခဲ့သော ကုမ္ပဏီနှစ်ခု၏ Profile နှင့် Technical ပိုင်းဆိုင်ရာ အချက်အလက်များ စစ်ဆေးအမှတ်ပေးမှုကို သတ်မှတ်ထားသည့် အမှတ်ပေးစည်းမျဉ်းအတိုင်း အမှတ်များပေါင်း၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ Cabinet အစည်းအဝေးသို့ တင်ပြမည်ဖြစ်ကြောင်း၊ ရရှိထားသည့် အမှတ်စာရင်းများအရ မည်သည့်ကုမ္ပဏီကို ရွေးချယ်မည်ဆိုသည်ကို ကော်မတီအနေဖြင့် ဆုံးဖြတ်မည်မဟုတ်ဘဲ တိုင်းဒေသကြီးအစိုးရအဖွဲ့ကသာ ဆုံးဖြတ်မည်ဖြစ်ကြောင်း ဦးအောင်သူရက ပြောကြားသည်။
ထားဝယ်ခရိုင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးခြင်းလုပ်ငန်းအတွက် တင်ဒါတင်သွင်းခဲ့သည့် ကုမ္ပဏီနှစ်ခု၏ တင်ဒါလျှောက်လွှာကို ဖွင့်ဖောက်ကြေညာချက်အရ Petro & Trans Company Limited မှာ မြန်မာနိုင်ငံတွင် တရားဝင်မှတ်ပုံတင်ထားသည့် ကုမ္ပဏီဖြစ်ပြီး ယင်းလုပ်ငန်းအတွက် အမေရိကန်ဒေါ်လာ ၁၂ သန်းရင်နှီးမြှုပ်နှံမည်ဖြစ်ကာ လျှပ်စစ်တစ်ယူနစ်လျှင် ၂၃၈ ကျပ်ဖြင့် ပေးဝေမည်ဖြစ်ကြောင်း၊ Stellar Powerhouse Pte Ltd မှာ စင်ကာပူနိုင်ငံတွင် တရားဝင်မှတ်ပုံတင်၍ တည်ထောင်ထားသည့် မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီဖြစ်ပြီး ယင်းလုပ်ငန်းအတွက် ယူရို ၆၃ သိန်းရင်းနှီးမြှုပ်နှံမည်ဖြစ်ကာ လျှပ်စစ်တစ်ယူနစ်လျှင် ၂၄၀ ဒသမ ၁၆ ကျပ်ဖြင့် ပေးဝေမည်ဖြစ်ကြောင်းဖော်ပြခဲ့ပြီး အဆိုပါကုမ္ပဏီ နှစ်ခုစလုံးက လျှပ်စစ်ထုတ်လုပ်ရန် သဘာဝဓာတ်ငွေ့ (Gas) ကို အသုံးပြုမည်ဟုဖော်ပြခဲ့သည်။
တင်ဒါဖွင့်ဖောက်ကြေညာရာ၌ တင်ဒါလျှောက်လွှာရောင်းချစဉ်က ပါဝင်ခဲ့သည့် စည်းကမ်းချက် ၃၆ ချက်နှင့်ပတ်သက်၍ အချက်အလက်များ စိစစ်ရာတွင် ကုမ္ပဏီနှစ်ခု စလုံးတွင် အချက်အလက်အချို့ မပြည့်စုံခြင်းများရှိခဲ့သော်လည်းတင်ဒါလျှောက်လွှာများ၏ အချက်အလက်စစ်ဆေးချက်အရ Stellar Powerhouse ကုမ္ပဏီဘက်က အချက်အလက် မပြည့်စုံမှုပိုများခဲ့သည်ကို တွေ့ရကြောင်း သိရသည်။
ထို့ပြင် လျှပ်စစ်ယူနစ်ဈေးနှုန်းအတွက် အရေးကြီးဆုံးအချက်ဖြစ်သည့် Gas ဈေးနှုန်း တွက်ချက်မှု၌ Petro & Teans ကုမ္ပဏီက Gas 1 mmbtu ကို အမေရိကန်ဒေါ်လာ ၇ ဒသမ ၅ ဒေါ်လာဖြင့်တွက်ချက်ထားပြီး Stellar Powerhouse ကုမ္ပဏီက Gas 1 mmbtu လျှင် အမေရိကန်ဒေါ်လာ ၉ ဒသမ ၁ဒေါ်လာဖြင့် တွက်ချက်ထားသောကြောင့် Gas ဈေးနှုန်းကို အခြေခံ၍ ယူနစ်ဈေးတွက်ချက်မှု ကွာခြားနေခြင်းအပေါ် Stellar Powerhouse ကုမ္ပဏီ တာဝန်ရှိသူဘက်က တင်ဒါကော်မတီတာဝန်ရှိသူများကို Gas ဈေးနှုန်းနှင့်ပတ်သက်၍ စောဒက တက်မှုရှိခဲ့သဖြင့်တင်ဒါဖွင့်ပွဲ၌ အနည်းငယ် အငြင်းပွားမှုရှိခဲ့ကြောင်း သိရသည်။
Stellar Powerhouse ကုမ္ပဏီတာဝန်ရှိသူက ၎င်းအနေဖြင့် တင်ဒါယှဉ်ပြိုင်ရန်အတွက် ဓာတ်အားခယူနစ်ဈေးနှုန်း တွက်ချက်နိုင်ရန် စွမ်းအင်ဝန်ကြီးဌာနမှ Gas ဈေးနှုန်း တောင်းခံရာတွင် Gas 1 mmbtu ကို အမေရိကန်ဒေါ်လာ ၉ ဒသမ ၁ ဒေါ်လာဖြင့် ပေးခဲ့သဖြင့် ၎င်းနှင့်အတူ ယှဉ်ပြိုင်သည့် ကုမ္ပဏီထက် Gas ဈေးနှုန်းများနေပြီး ကွာဟနေသောကြောင့် တင်ဒါယှဉ်ပြိုင်မှုမှနုတ်ထွက်ကြောင်း ကြေညာခဲ့သော်လည်း ဝန်ကြီးဦးအောင်သူရက တင်ဒါစည်းမျဉ်းစည်းကမ်းအတိုင်း ပြီးဆုံးအောင်ယှဉ်ပြိုင်ရန်နှင့် ယူနစ်ဈေးနှုန်းအနည်းအများကို မူတည်၍ ပေးမည်မဟုတ်ဘဲ တင်ဒါစည်းမျဉ်းကမ်းအမှတ်အတိုင်း ပေးမည်ဖြစ်ကြောင်း၊ တင်ဒါကော်မတီအနေဖြင့် မျှမျှတတတွက် ချက်ပေးမည်ဖြစ်ပြီး Gas ဈေးနှုန်းတွက်ချက်မှု မတူညီခြင်းကိုလည်း တင်ဒါကော်မတီက ညှိနှိုင်းပေး၍ရကြောင်းပြောကြား၍ တင်ဒါဖွင့်ပွဲကို ပြီးဆုံးသည်အထိ ကျင်းပခဲ့ကြောင်း သိရသည်။
တင်ဒါဖွင့်ပွဲမကျင်းပမီ ထားဝယ်ခရိုင် လျှပ်စစ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရေးလုပ်ငန်းကြီး ကြပ်ရေးကော်မတီနှင့် တင်ဒါကော်မတီတို့က တင်ဒါခေါ်ယူထားသည့် လုပ်ငန်းများနှင့် ပတ်သက်၍ တင်ဒါလျှောက်လွှာတင်ထားသည့် ကုမ္ပဏီ နှစ်ခုကို ၎င်းတို့လုပ်ဆောင်မည့် Presentation (တင်ပြချက်)များကို သီးခြားစီကြည့်ရှုခဲ့ပြီး တင်ဒါလျှောက်လွှာတင်သွင်းလာသည့် ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားခြင်းမရှိပါက ထည့်သွင်းစဉ်းစားမည်မဟုတ်ကြောင်းနှင့် တင်ဒါစည်းမျဉ်းစည်းကမ်းကို ဖောက်ဖျက်ပါကလည်း လက်ခံမည်မဟုတ်ကြောင်း ဝန်ကြီးဦးအောင်သူရက ပြောကြားခဲ့သည်။
GGS ကုမ္ပဏီက လုပ်ကိုင်နေသည့် ကံပေါက်ဒေသရှိ ဂက်စ်အင်ဂျင်များ လည်ပတ်ရန်လိုအပ်သော Gas အတွက် MOGE ထံမှ တစ်နေ့လျှင် Gas ယူနစ် နှစ်သန်းဝယ်ယူခွင့်ရထားပြီး Gas ဈေးနှုန်းမှာ G to P ဈေးဖြင့် Gas 1 mmbtu လျှင် အမေရိကန်ဒေါ်လာ ၉ ဒသမ ၆ ဒေါ်လာ ကျသင့်နေရာမှ လက်ရှိတွင် G to G ဈေးဖြင့်ဝယ်ယူခွင့်ပြုရန် မေ ၂ ရက်က MOGE နှင့် တိုင်းအစိုးရအဖွဲ့ စာချုပ်ချုပ်ဆိုထားသဖြင့် Gas 1 mmbtu လျှင် အမေရိကန် ဒေါ်လာ ၇ ဒသမ ၅ ဒေါ်လာသာ ကျသင့်နေကြောင်း သိရသည်။
လက်ရှိ ခေါ်ယူထားသည့်တင်ဒါမှာ ထားဝယ်ခရိုင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရေးလုပ်ငန်းနှစ်ခုစလုံးကို တစ်ပေါင်းတည်း လုပ်ကိုင်ရမည်ဖြစ်သောကြောင့် ကုမ္ပဏီများ၏ အဆိုပြုဈေးနှုန်းမှာ လျှပ်စစ်သုံးစွဲသူများထံ အရောက်ဝန်ဆောင်မှုပေးရမည့် မီတာယူနစ်ခကျသင့်ငွေ တစ်ယူနစ်နှုန်းထားဖြစ်သည့်အပြင် ယင်းတစ်ယူနစ်ဈေးနှုန်းအတွင်း လမ်းမီးခပါ တစ်ပေါင်းတည်းထည့်သွင်း တွက်ချက်ထားခြင်းဖြစ်သည်ဟု သိရသည်။
တင်ဒါအောင်မြင်သည့်ကုမ္ပဏီအနေဖြင့် လုပ်ငန်းစတင်နိုင်ရန် မည်သို့ပြင်ဆင်လုပ်ဆောင်မည်ဆိုသည်ကို မသိနိုင်သေးသောကြောင့် GGS ကုမ္ပဏီထံမှ လုပ်ငန်းလွှဲပြောင်း လုပ်ကိုင်မည့်အချိန်ကို မပြောနိုင်သေးကြောင်း၊ လက်ရှိတင်ဒါလျှောက်လွှာတင်သွင်းလာသည့် ကုမ္ပဏီနှစ်ခုမှာလည်း တင်ဒါလျှောက်လွှာ တင်သွင်းမှုပိတ်သိမ်းသည့် နောက်ဆုံးရက်ဖြစ်သော သြဂုတ် ၈ ရက်မှသာ လျှောက်လွှာတင်သွင်းလာခြင်းဖြစ်သည်ဟု သိရသည်။
အဆိုပါတင်ဒါခေါယူစဉ်က တင်ဒါတင်သွင်းသူများ လိုက်နာရမည့် စည်းကမ်းချက် ၃၆ ချက်ထုတ်ပြန်ခဲ့ပြီး ယင်းအချက်များတွင် တင်ဒါအောင်မြင်သည့်ကုမ္ပဏီအနေဖြင့် ထားဝယ်ခရိုင်အတွင်း လက်ရှိသုံးစွဲဝန်အားနှင့် နှစ်အလိုက် တိုးတက်သုံးစွဲလာမည့်ဝန်အားကို လုံလောက်အောင်ထုတ်ပေးရမည်ဖြစ်ပြီး သဘာဝဓာတ်ငွေ့ဖြင့် ဓာတ်အားထုတ်လုပ်ရမည်ဖြစ်ကြောင်းနှင့် လမ်းမီးနှင့် အလှမီးများ ထွန်းညှိပေးရမည်ဖြစ်ပြီး ယင်းအတွက် တစ်ယူနစ်နှုန်းထားတွင် ထည့်သွင်းတွက်ချက်ရမည်ဖြစ်ပြီး လမ်းမီးခ သီးသန့်ကောက်ခံခြင်းမပြုကြောင်း၊ တင်ဒါတည်မြဲကာလကို ခြောက်လသတ်မှတ်ပြီး လုပ်ငန်းလုပ်ကိုင်ခွင့်အား မူအားဖြင့် ငါးနှစ်သတ်မှတ်၍ ငါးနှစ်အတွင်း National Grid က ဓာတ်အားဖြန့်ဖြူးပေးနိုင်ပါက အဆိုပါကာလအထိ လုပ်ကိုင်ခွင့်ရမည်ဖြစ်ကြောင်း ပါဝင်ခဲ့သည်။
ထို့ပြင် တင်ဒါအောင်မြင်သော ကုမ္ပဏီသည် စာချုပ်ချုပ်ဆိုပြီးနောက် လျှပ်စစ်ဓာတ်အား စတင်ထုတ်လုပ်မည့်ရက်သည် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်ထက် နောက်မကျရန်၊ ဓာတ်အားစတင်ထုတ်လုပ်သည့် ရက်မှစ၍ သုံးလအထိ တင်ဒါအောင်မြင်ထားသည့် ဓာတ်အားခနှုန်းထားအတိုင်း ထုတ်လုပ်ဖြန့်ဖြူး ရောင်းချပေးရမည်ဖြစ်ပြီး ယင်းကာလနောက်ပိုင်းတွင် လောင်စာဈေးနှုန်းနှင့် ဒေါ်လာငွေလဲလှယ်နှုန်း အတက်အကျ အပေါ်မူတည်၍ တစ်ယူနစ်ဓာတ်အားခ နှုန်းထားအား သုံးလလျှင်တစ်ကြိမ် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ သဘောတူညီချက်ရယူ၍ ပြင်ဆင်သတ်မှတ်နိုင်သည်ဟု ပါဝင်ခဲ့သည်။
ယင်းသို့ ဓာတ်အားခနှုန်းထားအား သုံးလတစ်ကြိမ် ပြင်ဆင်သတ်မှတ်နိုင်သည်ဟူသော အချက်နှင့်ပတ်သက်၍ ဒေသခံများအကြား ဝေဖန်မှုအချို့ရှိခဲ့ပြီး လက်ရှိအသုံးပြုနေသည့် တစ်ယူနစ်နှုန်းထားထက် ပိုမို၍တင်ဒါတင်သွင်းမှုကို ခွင့်ပြုပါကလည်း လက်ခံမည်မဟုတ်ကြောင်း ပြောဆိုမှုများလည်းရှိနေကြောင်း သိရသည်။
လက်ရှိတွင် ထားဝယ်ခရိုင်လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရေးလုပ်ငန်းကို GGS ကုမ္ပဏီက ပြီးခဲ့သည့် ဇွန်လမှစ၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုချက်ဖြင့် စက်တင်ဘာလကုန်အထိ ယခင်တစ်ယူနစ် ကျပ် ၂၀၀ မှကျပ် ၂၅၀ နှုန်းသို့ တိုးမြှင့်ကောက်ခံ၍ ယာယီလုပ်ကိုင်နေပြီး ယင်းသို့ ဈေးနှုန်းသတ်မှတ်ချက်မှာ အစိုးရကတွက်ချက်ပေးထားသော ဈေးနှုန်းဖြစ်သောကြောင့် တင်ဒါအသစ်ခေါ်ယူမှုမှ ကုမ္ပဏီများ၏ အဆိုပြုဈေးနှုန်းမှာ လက်ရှိအသုံးပြုနေသည့် ဈေးနှုန်းထက် မြင့်နေပါက တိုင်းဒေသကြီးအစိုးရအနေဖြင့် ညှိနှိုင်းသွားရန်ရှိမရှိ The Daily Eleven သတင်းစာက မေးမြန်းရာ တင်ဒါစည်း မျဉ်းစည်းကမ်း၌ ဈေးနှုန်းကို ညှိနှိုင်းသွားမည်ဟု မပါရှိကြောင်း နှင့် တင်ဒါလျှောက်လွှာတင်သွင်းသည့် ကုမ္ပဏီများကလည်း ထုတ်လုပ်နှင့်ဖြန့်ဖြူးစရိတ်များကို တွက်ချက်ထားပြီးမှသာ ဈေးနှုန်းကို တင်သွင်းလာခြင်းဖြစ်ကြောင်း၊ ထို့ပြင် တင်ဒါတင်သွင်းသူမှာ နှစ်ဦးပြိုင်ဖြစ်သောကြောင့် ဈေးနှုန်းညှိနှိုင်းရန် အခက်အခဲရှိပြီး တင်ဒါကော်မတီအနေအဖြင့်လည်း ကုမ္ပဏီများ၏ အဆိုပြု ဈေးနှုန်းမှာ သတ်မှတ်ဈေးနှုန်းထက် ကျော်လွန်နေပါက တင်ဒါမပေးကြောင်း သတ်မှတ်ချက်လည်းမရှိကြောင်း ဦးအောင်သူရက ပြောကြားထားသည်။
တင်ဒါရွေးချယ်စိစစ်မှုများ ဆောင်ရွက်ပြီးစီးမည့်အချိန်မှာ မခန့်မှန်းနိုင်သဖြင့် GGS ကုမ္ပဏီကို ယာယီလုပ်ကိုင်ခွင့်ပြုသည့် စက်တင်ဘာလကုန်အထိ တင်ဒါ အောင်မြင်သည့် ကုမ္ပဏီမှာ အဆင်သင့်မဖြစ်သေးပါက ရွေးချယ်စရာမရှိသောကြောင့် GGS ကုမ္ပဏီကိုပင် ဆက်လက်လုပ်ကိုင် ခွင့်ပြုသွားရမည်ဖြစ်ကြောင်း တင်ဒါကော်မတီဥက္ကဋ္ဌဖြစ်သည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောကြားခဲ့သည်။
Eleven Media Group






0 comments:
Post a Comment