ကရင်ပြည်သူလူထု ကောင်းစားရေးအတွက် ကေအန်ယူအပေါ် သစ္စာဖောက်ခဲ့ရတယ်လို့ ကရင်ပြည်နယ်ခြားစောင့်တပ်(BGF) အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူက ပြောပါတယ်။
သြဂုတ် ၂၀ ရက်နေ့က ကရင်ပြည်နယ် မြဝတီ ရွှေကုက္ကိုဒေသမှာ ကျင်းပခဲ့တဲ့ ကရင် နယ်ခြားစောင့်တပ်ထူထောင်ခြင်း ၉ နှစ်ပြည့် အခမ်းအနားမှာ နယ်ခြားစောင့်တပ်တွေရဲ့ အထွေထွေအတွင်းရေးမှူး ဗဟိုအကြံပေးဖြစ်သူ ဗိုလ်မှူးကြီး စောချစ်သူက ပြောဆိုခဲ့တာပါ။
ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ကနေ ခွဲထွက်ခဲ့တဲ့ ဒီကေဘီအေ တပ်ဖွဲ့ကတဆင့် ထပ်မံခွဲထွက်ဖွဲ့စည်းခဲ့ပြီး မြန်မာ့တပ်မတော်နဲ့ ပူးပေါင်းထူထောင်ခဲ့တဲ့ နယ်ခြားစောင့်တပ်ဟာ မူလမိခင် တပ်ရင်းဖြစ်တဲ့ ကေအန်ယူကနေမူဝါဒလမ်းကြောင်း ခွဲထွက်ပြီး လုပ်ဆောင်ရတာဟာ ကရင်ပြည်သူကောင်းစားရေး အတွက်သာ ရည်ရွယ်ခဲ့တာကြောင့် သစ္စာဖောက်သလို ဖြစ်ခဲ့တာလို့ ဆိုပါတယ်။
နယ်ခြားစောင့် တပ်ထူထောင်နိုင်ခဲ့ပြီး ကာလတွေမှာ ကရင်ပြည်နယ်အတွင်းမှာ လူထုက ကောင်းကျိုးဆောင်ရွက်ချက်တွေ များစွာလုပ်နိုင်ခဲ့တယ်လို့ ဗိုလ်မှူးကြီး စောချစ်သူက ပြောပါတယ်။
ထိန်းချုပ်ထားတဲ့ ကရင်ပြည်နယ်အတွင်းမှာ ဒေသခံ ပြည်သူလူထုအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖော်ဆောင်ပေးခဲ့သလို မူးယစ်ဆေးဝါး ကိစ္စတွေနဲ့ ပတ်သက်ပြီး တားဆီး နှိမ်နှင်းရေးကိစ္စတွေ များစွာ ဆောင်ရွက်နိုင်ခဲ့တယ်လို့ပြောပါတယ်။
လက်ရှိအချိန်မှာ ကရင်နယ်ခြားစောင့်တပ်ရဲ့ဆောင်ရွက်ချက်တွေအပေါ် ဒေသခံ ကရင်လူထုကလည်း ထောက်ခံမှုရှိတယ်လို့ဆိုပါတယ်။
ကရင်ပြည့်နယ်အဆင့် အပစ်ရပ်ပူးတွဲစောင့်ကြည့်အဖွဲ့ဝင် ဒေါ်နန်းစေးအွာ က”တဖက်က မိခင်အဖွဲ့အစည်းပေါ်မှာ သစ္စာဖောက်တာမှန်ပေမယ့် ကျမတို့ရဲ့ လူမျိုးအပေါ်သစ္စာမဖောက်ဖို့ လိုတယ်”လို့ ပြောပါတယ်။
ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ကို ပြီးခဲ့တဲ့ စစ်အစိုးရလက်ထက်၂၀၁၀ ခုနှစ်က စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ ကရင်ပြည်နယ်အတွင်း တပ်ရင်း ၁၃ ခုရှိပါတယ်။
သတင်း- ရဲမင်းခေါင်
DVB






0 comments:
Post a Comment