Wednesday, August 21, 2019

နမ္မတူမြစ်ပေါ်ရှိ ရေကာတာစီမံကိန်းကို ရွာသား ၇၀၀ ကျော် ကန့်ကွက်

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင်ရှိ နမ္မတူမြစ်ပေါ်မှာ ဆောက်လုပ်မယ့်ရေကာတာ စီမံကိန်းတွေ ရပ်တံ့ရေးအတွက် ဒီကနေ့မနက်က ရွာသားပေါင်း ၇၀၀ ကျော် ဒေသတည်တံ့ရေး ဇာတာဆက် ဆုတောင်းပွဲကျင်းပပြီး ကန့်ကွက်ခဲ့ကြပါတယ်။

နမ္မတူမြစ်ပေါ်မှာ အကြီးစားရေကာတာစီမံကိန်းကြီး ၃ ခုရှိပြီး တရုတ်၊ ဂျပန်၊ ဆွစ်ဇာလန်၊ နော်‌ဝေ စတဲ့နိုင်ငံက ကုမ္ပဏီတွေ လာရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်ကြမှာ ဖြစ်ပါတယ်။
ရေကာတာတွေ ဆောက်လုပ်ပြီးစီးသွားရင် နမ္မတူမြစ် ကမ်းဘေးနှစ်ဘက်ရှိ တာလုံကျေးရွာ ၂ ရွာလုံး ရေလွှမ်းမိုးသွားမှာဖြစ်ကာ လက်ရှိ အဲဒီဒေသတွေမှာ တိုက်ပွဲတွေလည်း ဖြစ်ပွားနေတဲ့ အတွက် ဒေသခံတွေ ထွက်ပြေးနေရကာ စစ်ဘေး၊ ရေဘေးဒုက္ခတွေ ဆင့်ကဲခံရမှာကို မလိုလားသလို ကုမ္ပဏီတွေအနေနဲ့လည်း လာရောက်ရင်းနှီးမြှုပ်နှံဖို့ မသင့်လျော်သေးကြောင်း ရှမ်းသဘာ ဝပတ်ဝန်းကျင်အဖွဲ့ ပြောခွင့်ရ စိုင်းခေးဆိုင်က ဒီဗွီဘီကို ပြောပါတယ်။
“နော်ဝေး SN Power ကုမ္ပဏီက လာလုပ်နေတဲ့ အထက်ရဲရွာစီမံကိန်းဟာ နောင်ချိုမြို့နယ် ထဲက တိုက်ပွဲဖြစ်တဲ့နေရာမှာ ရှိနေပါတယ်ခင်ဗျ။ ပြီးခဲ့တဲ့ ၁၅ ရက်နေ့က စဖြစ်တဲ့ တိုက်ပွဲကြောင့် ရှမ်းပြည် မြောက်ပိုင်းမှာ ဒေသခံရွာသား သုံးထောင်ကျော် ထွက်ပြေးနေရတယ်။ ထွက်ပြေးတဲ့ ရွာသားတွေထဲမှာ ရေကာတာဆောက်မယ့် နမ္မတူမြစ်ကမ်းက ရွာသားတွေလည်း ပါတယ်။ သူတို့ အနေနဲ့ စစ်ပြေးနေရတဲ့အထဲ နောက်တခါ ရေကာတာကြောင့် ရေဘေးထပ်ပြီးကြုံရမှာ မလိုလား ပါဘူး။ ကုမ္ပဏီတွေအနေနဲ့လည်း တိုက်ပွဲဖြစ်နေတဲ့ ဒေသတွေမှာ လာပြီးရင်းနှီးမြှုပ်နှံဖို့ မသင့်ပါဘူး။  ရွာသားတွေလည်း ကန့်ကွက်ပါတယ်။”
ကျေးရွာဒေသ ငြိမ်းချမ်းရေးနဲ့ တည်တံ့ရေးအတွက် ဇာတာဆက်ပွဲကို ဒီကနေ့ မနက် ၇ နာရီက တာလုံကျေးရွာရှိ နမ္မတူဖြစ်ကမ်းနဘေးမှာ ကျင်းပခဲ့ကြပြီး တာလုံရွာသားတွေနဲ့အတူ နားမခေါ်ကျေးရွာ၊ ဟိုနား၊ ဝမ်ဟုမ်၊ တုံကြိုင်း၊ နားစလောင်း၊ နိုင်းလုံ၊ နမ့်လန် စတဲ့ ရွာသား စုစုပေါင်း ၇၀၀ ကျော်က လာရောက်ပါဝင်ခဲ့ကြပါတယ်။
အခမ်းအနားကို သံဃာတော် ၁၂ ပါးက ဦးဆောင်ပြီး ဗုဒ္ဓဘာသာဓလေ့ထုံးစံအရ နမ့်တူမြစ်နဲ့ မြစ်ကမ်းရှိရွာများ ဘေးရန်ကင်းစေဖို့ ပရိတ်ရွတ်ဖတ်သရစ္ဇာယ်ခြင်း၊ ဇာတာဆက်ခြင်း၊ မြစ်ရေအစဉ်စီးဆင်းစေရန် တိုင်တည်ဆုတောင်းခြင်း တို့အပြင် ရေကာတာ အလိုမရှိကြောင်း ဆိုင်းဘုတ်တွေ ထူခဲ့ကြပါတယ်။
ဓာတ်ပုံ-  Shan Farmers
DVB

0 comments:

Post a Comment