Google နိုင်ငံတကာ ကော်ပိုရေးရှင်းလိုမျိုး ရုရှားနိုင်ငံထဲမှာသုံးတဲ့ အင်တာနက် အခြေပြု ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေကို ပံ့ပိုးနေတဲ့ ယန်းဒက်ဇ် နိုင်ငံပေါင်းစုံ ကော်ပိုရေးရှင်းက လာမယ့် ၂ နှစ်အတွင်း မောင်းသူမဲ့ ကားစီးရေ တထောင်ထိ တိုးချဲ့ထုတ်လုပ်ဖို့ စဉ်းစားနေတယ်လို့ ပြောပါတယ်။
ယန်းဒက်ဇ်ဟာ ဒီနှစ်ကုန်ပိုင်းမှာ မောင်းသူမဲ့ကားစီးရေ တရာကျော်ကို လမ်းတွေပေါ်မှာ စပြီး စမ်းသပ်နိုင်ဖို့ မျှော်လင့်ထားပါတယ်။
တက်သစ်စ နည်းပညာနဲ့အတူ မော်စကိုမြို့တော်ရဲ့ လမ်းတွေပေါ်မှာ မောင်းသူမဲ့ ကားစီးရေ ၃၅ စီး စမ်းသပ်မောင်းနှင်ခဲ့ပြီး ကားစီးရေ ၉၀ ထိ ယန်းဒက်ဇ်မှာ ရှိနေပါပြီ။
ယန်းဒက်ဇ်ရဲ့ အလိုအလျောက် မောင်းနိုင်တဲ့ ကားဌာနခွဲ အကြီးအကဲ ဒမစ်ထရီ ပိုလီရှုခ်က ကာဇံမြို့နားက စကိုလ်ကိုဗိုနဲ့ အင်နိုပိုလစ် နည်းပညာဌာနတွေထဲမှာ ဒီပုံစံကားတွေကို သုံးတောင်သုံးနေပြီလို့ ရိုက်တာသတင်းဌာနနဲ့ လူတွေ့မေးမြန်းခန်းမှာ အရင်အပတ်က ပြောပါတယ်။
ဒမစ်ထရီ ပိုလီရှုခ်က “ယန်းဒက်ဇ်အဖွဲ့က စက်ရုပ်ကားမောင်းသူကို တီထွင်နေတယ်။ ဒီစီမံကိန်းက ၂၀၁၇ မှာ စတယ်။အဓိက အစိတ်အပိုင်း နှစ်ခုပါတယ်။ ဟာ့ဒ်ဝဲပိုင်းက အာရုံခံစနစ်နဲ့ ကွန်ပျူတာတွေ ကားထဲမှာ တပ်ဆင်ထားတယ်။ ဒုတိယအနေနဲ့က စည်းကမ်းနဲ့ လုပ်နည်းကိုင်နည်း စနစ်ပါ။ အာရုံခံစနစ်က စုပေးတဲ့ သတင်းအချက်အလက်တွေကို အခြေခံပြီး ကားတစီးက လမ်းပေါ်မှာ ဘယ်လိုပြုမူသင့်လဲ ဆိုတာကို နည်းစနစ်က ဆုံးဖြတ်ပေးတယ်” လို့ ပြောပါတယ်။
ယန်းဒက်ဇ်ရဲ့ အလိုအလျောက် ကားမောင်းနိုင်တဲ့ ဆော့ဖ်ဝဲဟာ ဂူဂယ်လ်ရဲ့ ဝေမို ဆော့ဖ်ဝဲကို မီလာပြီး နည်းပညာနယ်ပယ်က ကမ္ဘာ့ထိပ်သီးတွေရဲ့ အရည်အသွေးကို မီလာပြီလို့ HSBC ဘဏ်က ဇန်နဝါရီ လမှာ ထုတ်ပြန်တဲ့ သုတေသနက ဆိုပါတယ်။
ဆက်လက်ပြီး ဒမစ်ထရီ ပိုလီရှုခ်က “အများပြည်သူ သွားလာနေတဲ့ လမ်းတွေပေါ်မှာ မောင်းသူမဲ့ကားတွေကို စမ်းသပ်ဖို့ အစိုးရစည်းမျဉ်းက ၂၀၁၈ ဒီဇင်ဘာမှာ အသက်ဝင်တယ်။ အခုတော့ မော်စကိုတလွှားမှာ ကျနော်တို့ တီထွင်ထားတဲ့ စနစ်ကို စမ်းသပ်ပြီး သတင်းအချက်အလက် စုဆောင်းနေတဲ့ ကားဒါဇင် အတော်များများ ရှိနေပြီ” လို့ ဆိုပါတယ်။
ဒီနည်းပညာအတွက် ဘယ်လောက် ရင်းနှီးမြှုပ်နှံထားတယ်ဆိုတာ ယန်းဒက်ဇ်က ထုတ်မပြောပေမယ့် ကားတစီးတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၉ သောင်း ၈ ထောင်နဲ့ ညီမျှတဲ့ ရုရှား ရူဘယ်လ် ၆ ဒသမ ၅ သန်းရှိပြီး ပထမဆုံးကား တည်ဆောက်ချိန်က ကုန်ကျစရိတ် ၉ ဒသမ ၅ သန်းကနေ ဈေးကျလာတာလို့ ပိုလီရှုခ်က ပြောပါတယ်။
ကမ္ဘာတလွှား ရုံးခွဲ ၃၀ ရှိတဲ့ ယန်းဒက်ဇ်ဟာ မောင်းသူမဲ့ နည်းပညာကို ၂၀၁၆ ခုနှစ်က စပြီး စမ်းသပ် လုပ်ဆောင်နေတာပါ။
“၂၀၁၇ မှာ ပထဆုံးကားကို စမ်းသပ်ခဲ့ပါတယ်။ ရုရှား၊ အာမေးနီးယား၊ အဇာဘိုင်ဂျန်၊ ဘီလာရုဇ်၊ ဂျော်ဂျီယာနဲ့ ကာဇက်စတန် နိုင်ငံတွေထဲက အူဘာ ကားငှားလုပ်ငန်းနဲ့ စားသောက်ကုန် သယ်ယူ ဖြန့်ဝေရေး လုပ်ငန်းတွေမှာ ဝန်ဆောင်ပေးဖို့ ရည်ရွယ်ထားပါတယ်။ ၅ နှစ်ကနေ ၇ နှစ်အတွင်း အငှားယာဉ် ရာခိုင်နှုန်းတခုကို စက်ရုပ်တွေက မောင်းလိမ့်မယ်လို့ ကျေနာ်ခန့်မှန်းတယ်။ ဒါဟာ အံ့သြစရာကိစ္စ မဟုတ်ဘဲ ပုံမှန် ဖြစ်လာလိမ့်မယ်” လို့ ဒမစ်ထရီ ပိုလီရှုခ်က ပြောပါတယ်။
ယန်းဒက်ဇ်ဟာ မနှစ်က အစ္စရေးနိုင်ငံအတွင်း မောင်းသူမဲ့ သယ်ယူပို့ဆောင်ရေးကို စမ်းသပ်ဖို့ လိုင်စင် ရထားပြီး အမေရိကန်နိုင်ငံထဲမှာ စမ်းသပ်ဖို့ ဖြစ်နိုင်ချေအတွက် ကြိုးစားနေတယ်လို့လည်း ပိုလီရှုခ်က ပြောပါတယ်။
DVB






0 comments:
Post a Comment