ဘီးလင်းမြစ်ရေ မြင့်တက်လာမှုကြောင့် ဘီးလင်းမြို့နယ်မှာ ရေဘေးကယ်ဆယ်ရေးစခန်း ၇ ခု ဖွင့်လှစ်ထားတယ်လို့ မွန်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက ပြောပါတယ်။
ဘီးလင်းမြစ်ရေဟာ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ တောင်ကျရေကြောင့် သြဂုတ် ၅ ရက်နေ့မှာ စိုးရိမ်ရေမှတ်အောက် ၉၉၈ စင်တီမီတာအထိ ရောက်ရှိခဲ့ပြီး အဲဒီမြစ်ရေရဲ့ စိုးရိမ်ရေမှတ်မှာ ၁၀၂၂ စင်တီမီတာ ဖြစ်တဲ့အတွက်ကြောင့် ကယ်ဆယ်ရေးစခန်းတွေ စတင်ဖွင့်လှစ်ပေးနေတာပါ။
ရေဘေးကယ်ဆယ်ရေးစခန်း ၇ ခုလုံးမှာလည်း တပတ်စာရိက္ခာတွေ ပေးပို့ထားပြီး အနိမ့်ပိုင်း ရပ်ကွက်၊ ကျေးရွာက ဒေသခံတွေအနေနဲ့ ကယ်ဆယ်ရေးစခန်းမှာ ပြောင်းရွှေ့နေထိုင်ကြဖို့ ညွှန်ကြားထားတာပါ။
ဘီးလင်းလမ်း ရေကျော်မှု အခြေအနေနဲ့ ပတ်သက်ပြီး လမ်းပိုင်းကို ၁ ပေခန့် မြှင့်တင်ထားတဲ့အတွက်ကြောင့် လမ်းရေကျော်ဖို့ အလားလာ နည်းနေတယ်လို့ ဗိုလ်မှူးကြီး နေထွဋ်ဦးက သုံးသပ်ထားပါတယ်။
ဒါ့အပြင် မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက နောက်နှစ်ရက်အတွင်း ဘီးလင်းမြစ်ရေဟာ စိုးရိမ်ရေမှတ်အထိ ရောက်ရှိတယ်လို့ ထုတ်ပြန်ထားပြီး အနိမ့်ပိုင်းရပ်ကွက်၊ ကျေးရွာနေ ပြည်သူတွေ အထူးသတိပြုကြဖို့ တိုက်တွန်းထားပါ။
ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်း ပိုမိုအားကောင်းနေပြီး လေပြင်းတိုက်ခတ်ခြင်းနှင့်အတူ မိုးသည်းထန်စွာ ရွာသွန်းတာတွေကြောင့် လျှပ်တပြက် ရေကြီး မြေပြိုတာတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးဇလက ဒီနေ့မနက်ပိုင်း ထုတ်ပြန်ထားပါတယ်။
ကုန်းမြင့်ဒေသအနီးနဲ့ မြစ်ငယ်၊ ချောင်းငယ်များအနီး နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်နဲ့ ရေကြီး ရေလျှံမှုတွေ ဖြစ်ပေါ်နိုင်တာကြောင့် ကြိုတင်သတိပြု နေထိုင်ကြဖို့ အကြံပြုထားပါတယ်။
DVB






0 comments:
Post a Comment