ထိုင်းနိုင်ငံ အရှေ့တောင်ပိုင်း ချွန်းပူးရီးခရိုင် ဆီရားချားမြို့နယ်က ဆောက်လက်စ တက္ကသိုလ်အဆောက်အဦ ၈ လွှာပေါ်ကနေ မြန်မာအလုပ်သမား ၁ ဦး ပြုတ်ကျသေဆုံးခဲ့တယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
သြဂုတ် ၂၁ ရက်နေ့ညက အလုပ်သမား ၁ ဦး ပြုတ်ကျသေဆုံးကြောင်း အကြောင်းကြားချက်ရတဲ့အတွက် လူနာတင်ယာဉ်တွေနဲ့အတူ သွားရောက်စစ်ဆေးရာမှာ ၈ လွှာ ကနေ ဆက်သွယ်ရေးမီးကြိုးများသွယ်တန်းတဲ့ အပေါက်ကြီးထဲ ပြုတ်ကျပြီး သွေးအိုင်ထဲလဲနေတဲ့ လူတဦးကိုတွေ့ရတာလို့ လဲမ်ချပန်နယ်မြေ ရဲတပ်ဖွဲ့ တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။
အဆိုပါလူမှာ ခြေ၊ လက်တွေ ကျိုးပြီး ခေါင်းကွဲကာ တကိုယ်လုံးပွန်းပဲ့ ဒဏ်ရာ အပြည့်ရထားပြီး ကယ်ဆယ်ရေးကားနဲ့ ဆေးရုံကိုအမြန်ဆုံးပို့ဆောင်ခဲ့ပေမယ့် မကြာခင်မှာ သေဆုံးသွားခဲ့ပါတယ်။
ပြုတ်ကျသေဆုံးသူမှာ အသက် ၄၅ နှစ်ရွယ်ရှိ ဦးလှဆိုသူ မြန်မာအလုပ်သမား ၁ ဦးဖြစ်ပြီး လုပ်ဖော်ကိုင်ဘက် အလုပ်သမားတွေ ပြောပြချက်အရ သူတို့ဟာ ယမန်နေ့က ၉ ထပ်တိုက် အဆောက်အဦနဲ့ ၅ လွှာကြားရှိ ကားပါကင်ထိုးတဲ့နေရာမှာ အလုပ်လုပ်နေကြောင်း၊ အလုပ် မသိမ်းခင် ဦးလှက ၈ ထပ်တိုက်ဘက် တက်သွားတော့ အလုပ်သမား ၁ ဦးက လှမ်းမေးရာမှာ ဦးလှက အဲဒီဘက်မှာ ခေါ်သံကြားလို့ သွားကြည့်မယ်လို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် အလုပ်သမားတွေလည်း အလုပ်သိမ်းပြီး အလုပ်သမားတန်းလျား ဆီပြန်ခဲ့ကြောင်း၊ အဲဒီမှာ ဦးလှကို မတွေ့လို့ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ပြန်သွားကြည့်တော့ ၈ လွှာကနေ ပြုတ်ကျနေတဲ့ သူ့ကိုတွေ့ပြီး ဆေးရုံပို့ပေးခဲ့ကြပေမယ့် ဆုံးပါးသွားတယ်လို့ ဆိုပါတယ်။
တာဝန်ရှိသူတွေက မတော်တဆလိမ့်ကျမှုလို့ ယူဆပေမယ့် သက်ဆိုင်ရာ အလုပ်ကြီးကြပ်သူနဲ့ ကန်ထရိုက်တာတွေကို ခေါ်ယူမေးမြန်းဦးမယ်လို့ သတင်းထောက်တွေကို ပြောသွားပါတယ်။
DVB






0 comments:
Post a Comment