မြန်မာနိုင်ငံရဲ့ ဂျီဒီပီဟာ ၂၀၀၀ ပြည့်နှစ်မှာ အမေရိကန်ဒေါ်လာ ၈ ဒသမ ၉ ဘီလီယံ ရှိခဲ့ရာမှ ၂၀၁၈ ခုနှစ်မှာဒေါ်လာ ၇၁ ဘီလီယံအထိ တိုးတက်လာခဲ့ကြောင်းနဲ့ မြန်မာနိုင်ငံဟာ အာဆီယံနိုင်ငံတွေထဲမှာ စီးပွားရေး တိုးတက်မှုအမြင့်မားဆုံးနိုင်ငံ တနိုင်ငံအဖြစ်ရပ်တည်နေ တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။
ဩဂုတ် ၂၀ ရက်က ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်မှာ ကျင်းပတဲ့ တာဝန်ယူမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဖြစ်ပေါ် လာစေရေးအတွက် မြန်မာ- ဂျပန်- အမေရိကန် ရင်းနှီးမြှုပ်နှံမှု ဖိုရမ်မှာ ပြောကြားသွားတာပါ။
အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုတွေကြောင့် ကုမ္ပဏီသစ်တွေ၊ ပြည်တွင်းနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုတွင်ကျယ်လာတာကို တွေ့နိုင်ကြောင်း၊ ဂျပန်နိုင်ငံနဲ့ အမေရိကန်နိုင်ငံတို့က မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံတာကို ကြိုဆိုပါကြောင်း၊ ယခုအခါ သီလဝါအထူးစီးပွားရေး ဇုန်မှာ ကုမ္ပဏီပေါင်း ၁၀၈ ခုကျော် ရင်းနှီးမြှုပ်နှံနေပြီး ကုမ္ပဏီ ထက်ဝက်ကျော်မှာ ဂျပန်ကုမ္ပဏီတွေဖြစ်ကြောင်း ဂျပန်နိုင်ငံရဲ့ မော်တော်ကား ထုတ်လုပ်တဲ့ ကုမ္ပဏီတွေဖြစ်တဲ့ Suzuki နဲ့ Toyota တို့ အပြင် Yakult Probiotic drink လုပ်ငန်းလည်း ပါဝင်ပါကြောင်းနဲ့ မြန်မာ့စွမ်းအင်ကဏ္ဍမှာ ဂျပန်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံများကို ကြိုဆိုတယ်လို့လည်း ပြောသွားပါတယ်။
ဒါ့အပြင် အမေရိကန်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေနဲ့ ပတ်သက်ပြီးလည်း General Electric၊ Chevron နဲ့ Ford ကုမ္ပဏီတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ မြန်မာနိုင်ငံအတွက် လိုအပ်တဲ့ အရည်အသွေးရှိပြီး တာဝန်ယူမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဖြစ်ပါကြောင်းနဲ့ အမေရိကန်နိုင်ငံ Overseas Private Investment Corporation က မြန်မာနိုင်ငံရဲ့ အကြီးဆုံးဆက်သွယ်ရေး ကုမ္ပဏီတခုဖြစ်တဲ့ Apollo Towers ကုမ္ပဏီက တဆင့် မြန်မာ့ဆက်သွယ်ရေးအတွက် လိုအပ်နေတဲ့ တာဝါတိုင် ပေါင်း ၁၈၀၀ ကျော်ကို ရင်းနှီးမြှုပ်နှံခဲ့တယ်လို့လည်း ပြောသွားပါတယ်။
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့စီးပွားရေး ပြုပြင်ပြောင်းလဲမှု ကြိုးစားအားထုတ်မှုတွေအတွက် အမေရိကန်အစိုးရနဲ့ ဂျပန်အစိုးရတို့က ဆက်လက်အားပေးကူညီသွားဖို့ ရေရှည်သန္နိဋ္ဌာန်ချထားတဲ့ အကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးနဲ့ ဂျပန်သံအမတ်ကြီးတို့က ပြောကြား သွားပါတယ်။
ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနရဲ့ စာရင်းဇယားတွေအရ ဂျပန်နိုင်ငံနဲ့ အမေရိကန်နိုင်ငံတို့ကနေ မြန်မာနိုင်ငံသို့ဝင်ရောက်လာတဲ့ ရင်းနှီးမြှုပ်နှံမှုတွေမှာ ၂၀၁၉ ခုနှစ် ဇူလိုင်လ ကုန်အထိ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံနဲ့ အမေရိကန်ဒေါ်လာ ၄၃၂ ဒသမ ၇၉၆ သန်း အသီးသီးရှိတယ်လို့ အတိုင်ပင်ခံရုံးက ထုတ်ပြန်တဲ့သတင်းမှာ ဖော်ပြပါတယ်။
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းကတော့ မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ ၂၀၁၉ ခုနှစ် နှစ်ဝက်အတွင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံ၊ ရာခိုင်နှုန်းအားဖြင့် ၇၇ ရာခိုင်နှုန်း တိုးတက်ခဲ့တယ်လို့ ဖိုရမ်မှာ မိန့်ခွန်းပြောကြားသွားပါတယ်။
အဆိုပါ ဖိုရမ်ကို မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပြုပြင် ပြောင်းလဲမှုတွေ၊ မြန်မာနိုင်ငံရဲ့ရင်းနှီးမြှုပ်နှံမှု အလားအလာကောင်းတွေကို သိရှိနိုင်ဖို့နဲ့ တာဝန်ယူမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်ဖို့ ရည်ရွယ် ကျင်းပပြုလုပ်တာလို့ဆိုပါတယ်။
ဖိုရမ်ကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၊ မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၊ ဂျပန်ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း၊ အမေရိကန် ကုန်သည်ကြီးများအသင်း၊ ဂျပန်ပြည်ပ ကုန်သွယ်ရေးအဖွဲ့၊ ဂျပန်အပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီနဲ့ အမေရိကန် စီးပွားရေးဝန်ဆောင်မှုအဖွဲ့တို့ပူးပေါင်း ကျင်းပတာ ဖြစ်ပါတယ်။
ဓာတ်ပုံ-State Counsellor
DVB






0 comments:
Post a Comment