Tuesday, August 20, 2019

ရန်ကုန်မြို့ ရေကြီးရေလျှံ မဖြစ်စေရေး ကြိုတင်ပြင်ဆင် မှုများ ပြုလုပ်ထားဟု မြို့တော်ဝန်ပြော

Image may contain: one or more people, people sitting and indoor
ယခုမိုးရာသီကာလအတွင်း ရန်ကုန်မြို့ ရေကြီးရေလျှံ မဖြစ်စေရေး ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။

"ကျွန်တော် သတင်းပေးတာပါ။ သြဂုတ် ၃၁ ရက်နေ့နဲ့ စက်တင်ဘာ ၁ ရက်နေ့မှာ ဒီရေက အရင်ဒီရေထက် အမြင့်ဆုံးရောက်မယ်။ ၁၂ မီတာအထိ တက်မယ်။ မတက်စဖူး ၁၂ မီတာအထိ ရောက်မယ်လို့ ခန့်မှန်းထားတယ်။ အဲ့ဒီ့အချိန်မှာ မုန်တိုင်း မလာပါစေနဲ့၊ မိုးမသည်းပါစေနဲ့။ အပေါ်ရေ စီးတာနဲ့ အောက်ရေတောင့်တာနဲ့ ရေကြီးတတ်တယ်။ ကျွန်တော်တို့ဒါကို ပြင်ဆင်နေပါတယ်"ဟု ၎င်းက ပြောသည်။
ရေကြီးရေလျှံမှု၏ နောက်ဆက်တွဲ ပြဿနာများဖြစ်သော ရေပြဿနာ၊ ကျန်းမာရေးပြဿနာနှင့် လူမှုရေးပြဿနာ များအတွက်လည်း ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေပြီး ရေပြဿနာတွင် ရေပေးဝေမှုနှင့် ရေဆိုးရေညစ် သန့်စင်ရေး အပိုင်းများကို ဆောင်ရွက်သွားမည် ဟုဆိုသည်။
ရေနှင့်ပတ်သက်၍ ရေပေးဝေသည့်စနစ် Treatment နှင့် Water Management အပိုင်းနှစ်ခုရှိပြီး ရေပေးဝေ မှုတွင် ရေအလေအလွင့် မရှိစေရန် ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်သည်။
"ရေကြီးမှု နောက်ဆက်တွဲမှာ ရေပေးဝေဖို့ရော ရေစီးရေလာရော နှစ်ခုရှိပါတယ်။ ရေပေးဝေမှုနဲ့ ရေဆိုးပေါ့။ ရေပေးဝေမှုအပိုင်းမှာလည်း ရေကို အလွဲသုံးစား လုပ်တဲ့ဟာတွေ တော်တော်များတယ်။ ရေနဲ့ပတ်သက်ပြီးတော့ ပိုက်ဖောက်သုံးစွဲတာ အဲ့ဒီလို ပိုက်ဖောက်သုံးစွဲတာတင် မကဘူး။ တချို့ဒေသတွေမှာ ရေတွေက ဒလဟော ထွက်နေတယ်။ အဲ့ဒီဥစ္စာ ထိန်းသိမ်းဖို့ လိုပါတယ်။ နောက်တစ်ခုက အိမ်ရေမှာ ခိုးသွယ်တာ၊ ခိုးသွယ်ရုံတင်မကဘူး ခိုးပြီးတော့ရောင်းတာ။ စည်ပင်ရေ ဆိုပြီးတော့ ရောင်းတာ ။ ဒါကိုကျွန်တော်တို့ နိုင်နိုင်နင်းနင်း လုပ်ရပါလိမ့်မယ်။"ဟု မြို့တော်ဝန်ကဆိုသည်။
ရေဖြန့်ဖြူးမှုအပိုင်း၌ ပင်မရေငုတ်မှ အိမ်ထောင်စုများသို့ ရေပေးဝေမှုတွင် လေလွင့်နည်းပါးစေရန်အတွက် ထိန်းသိမ်းဆောင်ရွက်သွားရန်လိုအပ်ပြီး စိတ်ဝင်စားသည့် ပုဂ္ဂလိကကိုပေး၍ လုပ်ဆောင်သွားပါက ရေအလေ အလွင့် နည်းပါးသွားနိုင်သည်ဟုဆိုသည်။
ထို့ပြင် ကျန်းမာရေးကဏ္ဍတွင်လည်း ရေကြီးရေလျှံမှုမှ နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်သည့် H1N1 အစရှိသော တုပ်ကွေးပေါင်းစုံကို ကြံ့ကြံ့ခံနိုင်ရန် လိုအပ်မည် ဟုဆိုသည်။
လက်ရှိတွင် ရန်ကုန်တိုင်းသည် အခြားသော မြို့နယ်များနှင့် နှိုင်းယှဉ်ပါက ရေကြီးရေလျှံမှု နည်းပါးသောကြောင့် တုပ်ကွေးရောဂါ ဖြစ်ပွားမှုနှုန်းကို အဟန့်အတား ဖြစ်စေကြောင်း ၎င်းကပြောသည်။

0 comments:

Post a Comment