Sunday, August 25, 2019

နမ့်စန်မြို့နယ် အတွင်း ပိုင်ရှင်မဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်သည့်နေရာနှင့် မူးယစ်ဆေးဝါး သိမ်းဆည်းရမိ

သျှမ်းပြည်နယ် တောင်ပိုင်း နမ့်စန်မြို့နယ် အတွင်း လက်နက်ခဲယမ်း နှင့် မူးယစ်ဆေးဝါး အပါအဝင်ဆက်စပ်သည့် ပစ္စည်းများကို ပိုင်ရှင်မဲ့ သိမ်းဆည်းမိကြောင်း သိရသည်။

သြဂုတ် ၂၂ ရက် နှင့် သြဂုတ် ၂၃ ရက်နေ့တွင် နမ့်စန်မြို့နယ် အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော် မှ ပိုင်ရှင်မဲ့ လက်နက်ခဲယမ်း နှင့် မူးယစ်ဆေးဝါး အပါအဝင် ဆက်စပ်သည့် ပစ္စည်းနှင့် မူးယစ်ဆေးဝါးချက်ရေး စခန်းမှ တိမ်းရှောင်လာသူ ဟု သံသယ ရှိသူ ၃၉ ဦး ကို စစ်ဆေးနေကြောင်း သြဂုတ် ၂၃ ရက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး သတင်းထုတ်ပြန် ချက်အရ သိရသည်။

သိမ်းဆည်းရမိသည့် ပစ္စည်းများသည် သြဂုတ် ၂၂ ရက် ညနေ ၄ နာရီ တွင် နမ့်စန်မြို့နယ် နားပြဲ ကျေးရွာ၏ အရှေ့တောင်မီတာ ၁၀၀၀ ဝန်းကျင်တွင် မူးယစ်ဆေးဝါး များထုတ်လုပ်ရာတွင်အသုံးပြု သည့် မိုးကာတဲ (၁၀)လုံး၊ ရေခဲသေတ္တာ ၁၄ လုံး၊ စတီးပေါင်းအိုး ၁၃ လုံး၊ ဂက်(စ်) အိုး ၇၅၇ လုံး၊ အက်ဆစ်ပုံး ၇၀၈ လုံး၊ ဆေးချက်ပေါင်းအိုး ၁၄ လုံး၊ ဟိုက်ဒရို ကလိုရစ် အက်ဆစ်များထည့် ထားသည့် သံပေပါ ၅၈လုံး၊ အိုက်စ် (၁၅၀)လီတာဆံ (၁)ပုံ တို့ပိုင်ရှင်မဲ့ အဖြစ် သိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

ဆက်လက်ပြီး သြဂုတ် ၂၂ရက် ညနေ (၅)နာရီတွင် ယင်းနေရာနှင့်မီတာ (၇၀၀)ကွာဝေးသည့် နေရာတွင် ဘိန်းဖြူမှုန့်/ ခဲ(၄.၅) ကီလိုဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြားမှုန်(၁၈.၁၄) ကီလိုဂရမ်၊ WY စိတ်ကြွဆေးပြား (၈၁၀၀၀)ပြား၊ ဘိန်းမဲအရည် (၂၀)ဂါလန်၊ ဂက်စ်အိုး (၂)လုံး၊ ဆေးပြားရိုက် စက် ၂ လုံးနှင့် တခြား ဆက်စပ်ပစ္စည်းများကို ပိုင်ရှင်မဲ့ သိမ်းဆည်းရမိကြောင်း သိရသည်။
ထို့ပြင် သြဂုတ် ၂၃ရက်နေ့ နောင်ပိန်ကျေးရွာ အရှေ့ဘက် မီတာ ၁၅၀၀ အကွာတွင် သွပ်မိုးတဲ (၅)လုံး၊ WY စိတ်ကြွဆေးပြား များထည့်ထားသည့် ဆာလာအတ်(၂၇)အိတ်၊ မူးယစ်ဆေးဝါး ရိုက်စက် (၄)လုံး၊ ဆေးစပ်စတီးဗန်း(၁၀)ဗန်း၊ ဂက်စ်အိုး ၆၀၀ လုံး၊ ပွိုင့် ၂၂ သေနတ် ၁ လက်၊ ကျည်အိမ် ခု၊ ကြိုးဆွဲလက်ပစ်ဗုံး (၄၆)လုံး၊ ၇ ဒသမ ၆၂ကျည် (၃၆၀)တောင့်၊မော်တော်ယာဉ် ၄ စီး နှင့် ဆက်စပ်သည့် ပစ္စည်းများကို ထပ်မံတွေ့ရှိခဲ့ကြောင်း တပ်မတော် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မူးယစ်ဆေးဝါးများထုတ်လုပ်သည့် စခန်းများမှ တိမ်းရှောင်လာသူများဟု သံသယရှိသည့် ပန်ကေတုကျေးရွာအနီးမှ (၁၇)ဦး၊ ၀မ်ဖွန်း ကျေးရွာအနီးမှ (၇)ဦးနှင့် မက်လန်း ကျေးရွာအနီးမှ (၁၅)ဦး၊ တို့ကိုလည်း စစ်ဆေးတွေ့ရှိရသည့်အတွက် ၎င်းတို့အား ဆက်လက်၍ စစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။
သျှမ်းပြည်နယ် တောင်ပိုင်း နမ့်စန်မြို့နယ် အတွင်း ပိုင်ရှင်မဲ့ အဖြစ် သိမ်းဆည်းရမိသည့် ပစ္စည်းများကို မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ့်နင်းရေး ရဲတပ်ဖွဲ့ထံသို့ လွဲပြောင်းခဲ့ပြီးဖြစ်ကြောင်းသိရသည်။
ထိုနည်းတူ သျှမ်းပြည်နယ် တောင်ပိုင်း ခိုလမ်မြို့နယ် နမ့်မောင်း ကျေးရွာ အနီးတွင် သြဂုတ် ၂၃ ရက်နေ့ မနက် ၇ နာရီတွင် နမ့်စန်မြို့မှ ခိုလမ်မြို့ဘက်သို့မောင်းလာသည့် ကားတစီးကို စစ်ဆေးရာ ကျပ်သိန်း ပေါင်း တသောင်းခွဲ တန်ဖိုးရှိ မူးယစ်ဆေးဝါးကို ဖမ်းဆီးရမိကြောင်းလည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး ထုတ်ပြန်ချက် အရသိရသည်။
ထို့ပြင် သြဂုတ် ၂၃ ရက်နေ့ တွင် ခိုလမ် လဲချားမြို့နယ် နာပွဲကျေးရွာအုပ်စု နမ့်ဟူး ဖရားထမ့်ရွာ ဌာနေပြည်သူ့စစ်တပ်ကို အရှေ့အလယ်ပိုင်းစစ်ဌာနချုပ် (ရလခ) တိုင်းမှူး က ခေါ်ယူ စစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

0 comments:

Post a Comment