Tuesday, August 6, 2019

သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိပြီး ဘားအံမြို့ မြေနိမ့်ရပ်ကွက်များတွင် ရေကြီးရေလွှမ်းမှု စတင်ဖြစ်ပေါ်ကာ ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်

သံလွင်မြစ်ရေဝင်ရောက်မှုကြောင့် ဘားအံမြို့ မြေနိမ့်ရပ်ကွက်တစ်ခုဖြစ်သည့် အမှတ် (၅) ရပ်ကွက်မှ ရေဘေးသင့်သူများ ပြောင်းရွှေ့နေစဉ်
သြဂုတ် ၆ ရက် နံနက် ၁၁ နာရီ တိုင်းထွာချက်အရ သံလွင်မြစ်ရေသည် ၎င်း၏စိုးရိမ်ရေမှတ် ၇၅၀ စင်တီမီတာကို ကျော်လွန်ကာ ၈၅၀ စင်တီမီတာသို့ ရောက်ရှိပြီး ဘားအံမြို့မြေနိမ့်ရပ်ကွက်များအတွင်း မြစ်ရေဝင်ရောက်ကာ ရေကြီးရေလွှမ်းမိုးမှု စတင်ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

“သြဂုတ် ၅ ရက် ညဦးပိုင်းကတည်းက ရေကတရိပ်ရိပ်တက်လာတာလေ။ တစ်အိမ်သားလုံး မအိပ်ဘဲ ရေအခြေအနေကို စောင့်ကြည့်နေရတယ်။ မနက်မိုးလင်းတော့ ရေက အိမ်ကြမ်းပြင်ကို လာရိုက်နေပြီ။ အိမ်ရှေ့လမ်းမမှာ ရေတွေပေါင်လယ်လောက်အထိ မြင့်တက်နေတာဆိုတော့ လှေအကူအညီနဲ့ ပြောင်းရွှေ့လာတာပါ။ သက်ဆိုင်ရာက ကယ်ဆယ်ရေးစခန်းတွေကို အသင့်ဖွင့်လှစ်ထားပေးတယ်ဆိုတော့ အခက်အခဲမရှိပါဘူး။ ရဲတပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ်အဖွဲ့၊ ကြက်ခြေနီအဖွဲ့တွေ ၀ိုင်းဝန်းကူညီပေးကြတယ်” ဟု အမှတ်(၁)ရပ်ကွက် အုတ်ဖိုရပ်မှ ကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့လာသူဒေသခံ အမျိုးသမီးတစ်ဦးက ပြောကြားသည်။
“၂၀၁၈ ခုနှစ် မြစ်ရေကြီးမှုက နှစ်ပေါင်း ၅၃ နှစ်အတွင်း အဆိုးရွားဆုံးဖြစ်ခဲ့ပြီး မြစ်ရေချိန်အနေနဲ့လည်း ၉၃၈ စင်တီမီတာအထိ စံချိန်တင်ရောက်ရှိသလို ရေကြီးမှုကာလကလည်း နှစ်လနီးပါး ကြာမြင့်ခဲ့ပါတယ်။ သံလွင်မြစ်ရဲ့ထူးခြားမှုအနေနဲ့က သုံးနှစ်မှသာလျှင်တစ်ကြိမ် ရေကြီးရေလွှမ်းမိုးမူဖြစ်ပေါ်လာပြီး ၂၀၁၅ ခုနှစ်နောက်ပိုင်းတွင် နှစ်နှစ်တစ်ကြိမ် ပုံမှန်ရေကြီးရေလွှမ်းမူဖြစ်ပေါ်လာတာ သံလွင်မြစ်ကို သတိထားဖို့အတွက် အချက်ပေးနေခြင်းလို့ ယူဆလို့ရပါတယ်”ဟု သံလွင်မြစ်ကို လေ့လာစောင့်ကြည့်နေသူ ဒေသခံတစ်ဦးက ပြောကြားသည်။
လက်ရှိအချိန်တွင် သံလွင်မြစ်သက်ရောက်ရာ ဘားအံမြို့တွင် ရေကြီးရေလွှမ်းမိုးမှု ဖြစ်ပေါ်လျက်ရှိပြီး မြေနိမ့်ရပ်ကွက်များဖြစ်သည့် အမှတ် (၁)၊ အမှတ် (၂)၊ အမှတ် (၅) ရပ်ကွက်များမှ ရေဘေးသင့်ပြည်သူများ ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့လျက်ရှိကာ အိမ်ထောင်စုစာရင်းနှင့် လူဦးရေစာရင်းများကို စစ်တမ်းကောက်ယူလျက်ရှိပြီး ကယ်ဆယ်ရေးစခန်းလေးခုအပြင် လိုအပ်ပါက ကယ်ဆယ်ရေးစခန်းများကို ထပ်မံဖွင့်လှစ်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

Eleven Media Group

0 comments:

Post a Comment