Tuesday, August 6, 2019

ကိုယ်စားပြုသည့်ပါတီ မရှိ၊ မသိဟု နိုင်ငံသားဦးရေ ထက်ဝက်ကျော်က မှတ်ချက်ပေးဟု စစ်တမ်းဖော်ပြ

အသက် ၁၈ နှစ်ပြည့်ပြီးသူ နိုင်ငံသားဦးရေ ထက်ဝက်ရာခိုင်နှုန်းက ၎င်းတို့၏အကျိုးစီးပွားနှင့် အသံများကို ကိုယ်စားပြုသည့်ပါတီမရှိ၊ မသိဟု သဘောထား မှတ်ချက်ပေးထားကြောင်း ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) ၏ ၂၀၂၀ ပြည့်နှစ်အတွက် နိုင်ငံသားများ၏ နိုင်ငံရေးမျှော်မှန်းချက်စစ်တမ်းအရ သိရသည်။
မန္တလေးမြို့ရှိ Hotel Marvel တွင် ဩဂုတ်လ ၆ ရက်နေ့ကပြုလုပ်သည့် ၂၀၂၀ ပြည့်နှစ်အတွက် နိုင်ငံသားများ၏ နိုင်ငံရေးမျှော်မှန်းချက်စစ်တမ်း တွေ့ရှိချက် အပြီးသတ် အစီရင်ခံစာထုတ်ပြန်ခြင်း အခမ်းအနားတွင် ယင်းသို့ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“ဒါက ပါတီတွေအတွက် အရေးကြီးတဲ့ကိစ္စပဲ။ ဖြစ်နိုင်ခြေရှိတာက ပါတီရဲ့မူဝါဒလုပ်ငန်းစဉ်တွေကို ပြည်သူတွေက မသိတာဖြစ်နိုင်တယ်။ နားမလည်တာလည်း ဖြစ်နိုင်တယ်။ ဒါကြောင့်မို့လို့ သူ့ကို ဘယ်ပါတီနဲ့နီးစပ်တယ်ဆိုတာ သူဘာမှ မပြောနိုင်ဘူး”ဟု ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) မှ အမှုဆောင်ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်က ပြောဆိုသည်။

အဆိုပါစစ်တမ်းကို ပြီးခဲ့သည့်မတ်လက ကောက်ယူခဲ့ပြီး နိုင်ငံသားများ၏သဘောထားအမြင်ကို ခြုံငုံသုံးသပ်နိုင်ရန် နိုင်ငံတစ်ဝန်းလုံးအတွက် တွေ့ဆုံမေးမြန်းမှု ၂၃၂၀ ခုနှင့် ပြည်နယ်များအတွက် ၇၈၂ ခု၊ ရန်ကုန်မြို့တော်အတွက် ၅၄၄ ခု နှင့် ရှမ်းပြည်နယ်တွင် ၄၂၈ ခု အပါအဝင် မျက်နှာချင်းဆိုင်တွေ့ဆုံမေးမြန်းမှုပေါင်း ၂၉၇၈ ခုပြုလုပ်ခဲ့ကြောင်း PACE အဖွဲ့ထံမှ သိရသည်။

ယင်းစစ်တမ်းတွင် အဓိကအားဖြင့် လူအချင်းချင်းအကြား ယုံကြည်မှု၊ နိုင်ငံရေးအရ နားလည်လက်ခံပေးနိုင်မှု၊ နိုင်ငံရေးနှင့် အများပြည်သူဆိုင်ရာ လှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်မှု၊ လက်ရှိ မြန်မာနိုင်ငံ၏အခြေအနေ၊ လွှတ်တော်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ဆောင်ရွက်ချက်များ၊ နိုင်ငံရေးပါတီများ၏ ဆောင်ရွက်ချက်များ၊ အင်စတီကျူးရှင်းများအပေါ် ယုံကြည်မှုအတိုင်းအတာ၊ ရွေးကောက်ပွဲများစသည်တို့နှင့် ပတ်သက်သည့် သဘောထားအမြင်များကို စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်သည်။ 

အဆိုပါစစ်တမ်းတွင် ဖြေဆိုသူ ၃၃ ရာခိုင်နှုန်းသည် NLD ပါတီကို မိမိတို့ အကျိုးစီးပွားနှင့် အသံများကို ကိုယ်စားပြုသည့်ပါတီအဖြစ် ဖြေဆိုထားပြီး ပြည်နယ်များနှင့် တိုင်းဒေသကြီးများအကြား နှိုင်းယှဉ်ရာတွင် ပြည်နယ်များ၌ NLD ပါတီဟု ဖြေဆိုမှုမှာ ၁၈ ရာခိုင်နှုန်းခန့်ရှိသော်လည်း အခြားပါတီများထက် ထောက်ခံမှုအများဆုံးဖြစ်နေကြောင်း ယင်းစစ်တမ်းအရ သိရသည်။

The Voice

0 comments:

Post a Comment