ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း (Low Pressure Area) တစ်ခုဖြစ်ပေါ်နေပြီး အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် နောက် ၄၈ နာရီအတွင်း ပိုမိုအားကောင်းလာနိုင်ရာ ရန်ကုန်တိုင်းအပါအဝင် ဒေသအနှံ့အပြားတွင် မိုးရွာနိုင်ပြီး နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။
လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး ဒေသအလိုက် နေရာကွက်၍ မိုးကြီးခြင်းများနှင့် အတူ လေပြင်းတိုက်ခတ်နိုင်ကြောင်း အဆိုပါဌာနက သတိပေးထားသည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများကျရောက်ပြီး၊ လှိုင်းကြီးနိုင်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် (၄၀) မှ (၄၅) မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၁၀ ပေမှ ၁၅ ပေခန့် ရှိနိုင်ကြောင်း မိုး/ဇလဌာနက ထုတ်ပြန်သည်။
ထို့ပြင် အပူပိုင်းမုန်တိုင်း “ဝီဖာ” (Wipha) ၏ မုန်တိုင်းအကြွင်းအကျန် တိမ်တိုက်များကြောင့်လည်း ရန်ကုန်အပါအဝင် ဒေသအချို့တွင် နေရာကွက်၍ မိုးကြီးခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းတို့ ဖြစ်ပေါ်နိုင်သည်ကို သတိပြုရန်လိုကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတိပေးထားသည်။
The Voice






0 comments:
Post a Comment