ချင်းပြည်နယ် မတူပီခရိုင်ရုံး တည်ဆောက်မည့် နေရာနှင့်ပတ်သက်ပြီး ကန့်ကွက်မှုများရှိနေသည်ကြားမှပင် ပန္နက်တင်အခမ်းအနားကို ယနေ့နံနက်က ပြုလုပ်ခဲ့သည်။
မတူပီကို မြို့နယ်အဆင့်မှ ခရိုင်အဖြစ် အဆင့်တိုးမြှင့်သတ်မှတ်လိုက်ပြီးနောက် မတူပီခရိုင်ရုံး တည်ဆောက်မည့် နေရာကို မတူပီ-ဟားခါး ကားလမ်း မိုင်တိုင်အမှတ် ၁၁၆ မိုင် ၁ ဖာလုံနေရာ ဖနိုင်းငလိုင် ရွာဘက်တွင် ပြည်နယ်အစိုးရအဖွဲ့က တည်ဆောက်ရန် စီစဉ်ခဲ့ရာ မြို့နှင့် ၈ မိုင်ခန့် ဝေးခြင်းကြောင့် ယင်းနေရာတွင် မတည်ဆောက်ရန် လက်ရှိ မတူပီမြို့ပေါ်တွင်သာ တည်ဆောက်ရန် မတူပီမြို့သူမြို့သားများက အကြိမ်ကြိမ် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
“ဘာပဲဖြစ်ဖြစ် မလုပ်ခင်မှာ ပြေလည်အောင် နှစ်ဦးနှစ်ဖက်တွေ့ဆုံပြီးမှ အဆင်ပြေအောင် လုပ်မယ်ဆိုပြီး ပြည်နယ်အစိုးရက ပြောပြီး အခုက သူတို့ မလာဘူး။ အခုက ခရိုင် အုပ်ချုပ်ရေးမှူးကိုပဲ လွှတ်ပြီးမှ ပန္နပ်တင်ခိုင်းတယ်။ ကျွန်တော်တို့လည်း နားမလည်နိုင်တော့ဘူး။ ပြည်သူ့ရဲ့ ဆန္ဒကို ပြည်သူ့ ကိုယ်စားလှယ်တွေက လေးစားသင့်တာပေါ့”ဟု မတူပီမြို့မှ ဆလိုင်းတင်အောင်က ပြောသည်။
အဆိုပါရုံး စတင်တည်ဆောက်မှု လုပ်ငန်းကို ဇူလိုင်လ ၉ ရက်နေ့က စတင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပြည်နယ်ဘတ်ဂျတ် ကျပ်သန်း (၁၇၀၀) အသုံးပြု ၃ ထပ်ဆောင်အဖြစ် တည်ဆောက်မည်ဖြစ်သည်။
မတူပီခရိုင်ရုံးမှာ လက်ရှိအချိန်တွင် မြို့နှင့် ဝေးသကဲ့သို့ ဖြစ်နေသော်လည်း နောက်တစ်နှစ် နှစ်နှစ်အတွင်း ရုံးအဆောက်အဦးများဖြင့် စည်ကားလာပြီး မြို့နှင့် တစ်ဆက်တည်း ဖြစ်သွားမည်ဟု ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးတိုးဝင်းက ပြောကြားခဲ့သည်ဟု အခမ်းအနားသို့ တက်ရောက်ခဲ့သူများက ပြောသည်။
The Voice






0 comments:
Post a Comment