Sunday, August 25, 2019

ရနောင်းတွင် ဥပဒေနှင့်မညီသည့် မြန်မာ ဆရာ၊ ဆရာမ ၃၀ ကျော် ဖမ်းဆီးခံရ

ထိုင်းနိုင်ငံတောင်ပိုင်း၊ ရနောင်းမြို့က မြန်မာရွှေ့ပြောင်းအလုပ်သမား ရင်သွေးတွေအတွက် ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းတကျောင်းကို  သက်ဆိုင်ရာ အာဏာပိုင်တွေက ရှောင်တခင် ဝင်ရောက်စစ်ဆေးပြီး ဥပဒေနဲ့ မညီညွတ်တဲ့ မြန်မာ ဆရာ၊ ဆရာမတွေကို ဖမ်းဆီးခဲ့ပါတယ်။

ရနောင်းခရိုင် လ.ဝ‌.က၊ နယ်မြေခံရဲ၊ အလုပ်သမားရုံး၊ စစ်တပ်နဲ့ အုပ်ချုပ်ရေးပိုင်းတွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ သြဂုတ် ၂၄ ရက် မနက် ၉ နာရီလောက်က ရနောင်းဌာနီလို့ အမည်ပေးထားတဲ့ ရွှေ့ပြောင်းလုပ်သား စာသင်ကျောင်းကို လာရောက်စစ်ဆေးပြီး  ဥပဒေနဲ့မညီတဲ့ ဆရာ၊ ဆရာမတွေကို ဖမ်းသွားတာလို့ ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ ရွှေ့ပြောင်းအလုပ်သမားရေးရာ တာဝန်ခံ ကိုမင်းဦးက ဒီဗွီဘီကို ပြောပါတယ်။
“ဆရာ၊ ဆရာမတွေ အဖမ်းခံရတဲ့အကြောင်း မနေ့က အလုပ်သမားသံအရာရှိက ကျနော်တို့ဆီ ဖုန်းဆက်တယ်၊ ဘယ်လို လုပ်ကြရင် ကောင်းမလဲပေါ့နော်။ ဒါနဲ့ ကျနော်တို့လည်း ဒီကနေ့ အဲဒီ ဆရာ၊ ဆရာမတွေကို သွားတွေ့ပြီး အားပေးစကားပြောခဲ့တယ်။ သူတို့ လွတ်မြောက်ရေးအတွက် ကူပြီး ညှိနှိုင်းပေးမယ်ပေါ့နော်။ အမှန်က ဆရာ၊ ဆရာမတွေက နေထိုင်ခွင့်လက်မှတ်တော့ ရှိတယ်၊ အဝါရောင် ဘော်ဒါပတ်စ်လက်မှတ် ရှိတယ်။ ဒါပေမဲ့ အဲဒါက လာရောက်လည်ပတ်ခွင့်ပဲ ရှိတာလေ၊ အလုပ်လာလုပ်လို့ မရဘူး။ အလုပ်လုပ်ခွင့် တောင်းပြီးတာတောင်မှ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ခွင့်ပြုထားတဲ့ အလုပ်ထဲမှာ ကျောင်းဆရာ လုပ်တာ မပါဘူး။ ဒီကျောင်းက မြန်မာဘုန်းကြီးတွေ ဖွင့်ပေးထားတာဆိုတော့ နားလည်မှုနဲ့ပဲ ခန့်ထားပြီး အခုလို ဝင်စစ်တော့ အဖမ်းခံရတာပါ။ ဥပဒေကြောင်းအရ ဒဏ်ငွေရိုက်ပြီးရင် ပြန်လွှတ်ပေးမယ်လို့ သိရတယ်။  ဒီနေ့က ရုံးပိတ်ရက်လည်း ဖြစ်နေတော့လေ။”
ဖမ်းဆီးခံရတဲ့ ဆရာ၊ ဆရာမတွေဟာ ခွင့်ပြုချက်မရတဲ့အလုပ်မှာ ဝင်လုပ်တာကြောင့် ဥပဒေအရ ဒဏ်ငွေ အနည်းဆုံး ဘတ် ၅ ထောင်မှ ၅ သောင်းထိ ကျခံရမှာဖြစ်ပြီး ဒီကနေ့ သိရတာကတော့ တဦးလျှင် ဘတ် ၂ သောင်းခွဲ ဒဏ်တပ်ခံရကြောင်း၊ အားလုံးအတွက် ဒဏ်ငွေမှာ စုစုပေါင်း ဘတ် ၈ သိန်းခန့် ကုန်ကျမှာဖြစ်ပြီး ကျောင်းကော်မတီ ဆရာတော်က စိုက်ပေးထားမယ်လို့  သူက ဆက်ပြောပါတယ်။
ရနောင်းဌာနီ စာသင်ကျောင်းမှာ ကျောင်းသူ ကျောင်းသားပေါင်း ၁၅၀၀ လောက်ရှိပြီး ထိုင်းရောက် မြန်မာရွှေ့ပြောင်း လုပ်သားကလေးတွေအနေနဲ့ မိခင်မြန်မာဘာသာစကား တတ်မြောက်ကာ မြန်မာပြည် ပြန်ရောက်လို့ မြန်မာကျောင်းကို ပြန်ပေါင်းကူးသင်ကြားရာမှာ လွယ်ကူစေရေး၊ မိဘတွေက အလုပ်သွားလုပ်တဲ့အခါ သားသမီးကို စိတ်ချစွာနဲ့ အဆိုပါကျောင်းမှာ လာအပ်နိုင်ဖို့  မြန်မာဆရာတော်ကြီး ၃ ပါးက ကမကထပြုပြီး လွန်ခဲ့တဲ့ ဆယ်နှစ် ကျော်ကတည်းက ဖွင့်လှစ်ထားတာလို့ ဆိုပါတယ်။
အဆိုပါကျောင်းကို ယခင်ကလည်း စစ်ဆေးရေးဝင်ကာ ဆရာ၊ ဆရာမတွေ အဖမ်းခံခဲ့ရဖူးကြောင်း၊ ဒါပေမဲ့ ထိုင်းမှာ မြန်မာဆရာဆရာမတွေကို တရားဝင်ခန့်ထားဖို့ နိုင်ငံကူးလက်မှတ်၊ ဆရာဖြစ်သင်တန်းအောင် ဘွဲ့လက်မှတ်၊ ပညာရေးဌာန ထောက်ခံစာ၊ သံရုံးထောက်ခံစာ စတဲ့ အထာက်အထားများစွာ လိုအပ်ပြီး လုပ်ရတာ မလွယ်ကူးဘူးလို့  သိရပါတယ်။
ရနောင်း အပါအဝင် ထိုင်း-မြန်မာ နယ်စပ်မှာ အခုလို ကိုယ်ပိုင်ကျောင်းတွေ ဖွင့်လှစ်ထားတာ အတော်များများရှိပြီး ရွှေ့ပြောင်းကလေးတွေအတွက်လည်း မရှိမဖြစ် အရေးကြီးတာကြောင့်  လူမှုဖွံ့ဖြိုးရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ၊ အလုပ်သမား သံအရာရှိတွေအနေနဲ့ ဒေသအာဏာပိုင်တွေကို ဆွေးနွေးညှိနှိုင်းသွားတယ်လို့ ကိုမင်းဦးက ပြောပါတယ်။

DVB

0 comments:

Post a Comment