မွန်ပြည်နယ်၊ သထုံမြို့မှာ ရေဘေးကယ်ဆယ်ရေးကား တစီးပေါ် တင်ဆောင်လာတဲ့ တရားမဝင်သစ် ပျဉ်းကတိုး လျှာထိုးပျဉ်အချောင်း ၃၀၀၀ ကျော်ဖမ်းဆီးရမိခဲ့တယ်လို့ သထုံမြို့မရဲစခန်းက သိရပါတယ်။
သထုံမြို့၊ ပေါ်တော်မူကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ သြဂုတ် ၂၂ရက် နေ့လည်ပိုင်းက ခေတ်ရှေ့ဆောင်ပရဟိတလူငယ်အဖွဲ့ ခေါင်းစဉ်နဲ့ ရေဘေးသင့်ကယ်ဆယ်ရေး ကားတစီးကို သတင်းအရရပ်တန့်ရှာဖွေခဲ့ရာမှ ပျဉ်းကတိုး လျှာထိုးပျဉ်တွေ ဖမ်းဆီးရမိခဲ့တယ်လို့ သထုံခရိုင်မှုခင်းနှိမ်နင်းရေးဌာရုံးက သိရပါတယ်။
“ကျနော်တို့က သတင်းရထားလို့ ကျေးရွာအုပ်ချုပ်ရေးကအဖွဲ့နဲ့ တပ်ဖွဲ့ဝင်တွေပူးပေါင်းပြီး အဲ့ဒီကားကိုစစ်ဆေးခဲ့တာပါ။ သူတို့က သစ်နဲ့ပတ်သက်ပြီး ဘာအထောက်အထားမှမပြနိုင်လို့ မြို့နယ်သစ်တောမှာ သွားပြီးစစ်ဆေးခဲ့တာပါ”လို့ သထုံခရိုင်မှုခင်းနှိမ်နင်းရေးဌာန တာဝန်ရှိသူတဦး က ပြောပါတယ်။
ဖမ်းဆီးရမိတဲ့သစ်တွေကတော့ ပျဉ်းကတိုးလျှာထိုးပျဉ် အရွယ်စုံ ၃၂၀၀ချောင်း၊ တန်ချိန် ၃ဒဿမ၆၅၇၂တန်၊ ကာလတန်ဘိုး ၃၁၀၈၆၂၀ ကျပ် ဖြစ်တယ်လို့ မြို့နယ်သစ်တောဦးစီးဌာန စစ်ဆေးချက်တွေအရ သိပါတယ်။
တရားမဝင် ပျဉ်းကတိုး လျှာထိုးပျဉ်တွေ သယ်ဆောင်မောင်းနှင်လာသူ ဦးမြင့်ဇော်(ခ) ကိုချောကြီး ဦးယဉ်ထွေး(ခ) ကိုပေါက် ဇေယျာမင်း(ခ)အန်းကုန်းနဲ့ ဦးတင့်လွင်တို့ ၄ဦးကို သစ်တောဥပဒေပုဒ်မ ၄၂(က)နဲ့ သထုံမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားပါတယ်။
သတင်း- ယူမင်းစိုး
DVB






0 comments:
Post a Comment