ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း တိုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့ နိုင်ငံခြားသားတွေကို လားရှိုးမြို့ကတဆင့် ရန်ကုန်မြို့ကို ဩဂုတ် ၂၂ ရက်က တပ်မတော်လေယာဉ်နဲ့ ပို့ဆောင်ပေးခဲ့တယ်လို့ တပ်မတော်က ထုတ်ပြန်ပါတယ်။
ကွတ်ခိုင်မြို့နယ်မှာ မြန်မာနိုင်ငံရဲ့ ပညာရည်မြှင့်တင်ရေး လုပ်ငန်းတွေကို ကူညီဆောင်ရွက်ဖို့ ရောက်ရှိနေတဲ့ Go and Love Foundation မှ Mrs. Chou Wei Kuo ဦးစီးတဲ့ ၂၈ ဦးကို ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ကွတ်ခိုင် အခြေခံပညာကျောင်းမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၃ ရက်က စပြီး ပညာရည်မြှင့်တင်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေစဉ် တီအန်အယ်လ်အေ၊ အေအေနဲ့ ကိုးကန့် အဖွဲ့တွေက မြို့/ရွာတွေကို တိုက်ခိုက်၊ လမ်း၊ တံတာတွေ မိုင်းခွဲဖျက်ဆီးမှုကြောင့် ကွတ်ခိုင်မြို့ရှိ K.KK Guest House မှာ သြဂုတ် ၁၅ ရက်နေ့ကစပြီး ပိတ်မိနေခဲ့တာလို့ သိရပါတယ်။
အဆိုပါနိုင်ငံခြားသားတွေကို တပ်မတော်(လေ)က ရဟတ်ယာဉ်နဲ့ ကွတ်ခိုင်မြို့မှ လားရှိုးမြို့၊ လားရှိုးမြို့ကနေ ရန်ကုန်မြို့ကိုတော့ တပ်မတော်လေယာဉ်နဲ့ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ကွတ်ခိုင်မြို့ကနေ ရန်ကုန်မြို့ကို ပြန်လည်ရောက်လာတဲ့ နိုင်ငံခြားသားတွေကတော့ တရုတ်နိုင်ငံသား ၁၄ ဦး၊ အမေရိကန် ၉ ဦး၊ တိုင်ပေ ၂ ဦး၊ ဟောင်ကောင် ၂ ဦးနဲ့ ကနေဒါ နိုင်ငံသား ၁ ဦးတို့ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၁၇ ရက်ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ တိုက်ပွဲဖြစ်ပွားရာဒေသတွေ ဖြစ်တဲ့ လားရှိုးမြို့နဲ့သီပေါမြို့တို့ကို ရောက်ရှိနေတဲ့ နိင်ငံခြားသားခရီးသွားဧည့်သည် ၅၇ ဦးကို့ Air KBZ လေကြောင်းလိုင်းနဲ့ ရန်ကုန် မန္တလေး ဟဲဟိုးတို့ကို ပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ်။
တိုက်ပွဲဖြစ်ပွားရာ လားရှိုးမြို့နဲ့သီပေါမြို့တို့ကို အလည်အပတ် ရောက်ရှိနေတဲ့ နိုင်ငံခြားသားခရီးသွားဧည့်သည်အတွက် မော်တော်ကားလမ်း ပြတ်တောက်နေတဲ့အတွက် အခုလိုစီစဉ်ပေးခဲ့တာပါ။
ကွတ်ခိုင်မြို့နယ်ထဲမှာ တီအန်အယ်လ်အေ၊ အေအေနဲ့ ကိုးကန့် မဟာမိတ်တပ်ဖွဲ့ ၃ ဖွဲ့နဲ့ မြန်မာ့တပ်မတော်ကြား ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ ရက်နေ့က စပြီး တိုက်ပွဲဖြစ်ပွားနေတာကြောင့် အနီးနား ပတ်ဝန်းကျင်က ရွာသား ၃၀၀ ကျော် ထွက်ပြေးပုန်းရှောင်နေရပါတယ်။
လားရှိုးမြို့ပေါ် မန်ဆူကျောင်းတိုက်၊ လားရှိုးမြို့နယ် မိုင်းတင်၊ ပန်နား၊ မတ်ခီနူ၊ တာယောင် စတဲ့ ကျောင်းတိုက်တွေမှာလည်း စစ်ရှောင် စုစုပေါင်း ၁၀၀၀ ကျော် ဝင်ရောက်ခိုလှုံနေကြပါတယ်။
DVB






0 comments:
Post a Comment