ဟောင်ကောင်ရှိ ဗြိတိန်ကောင်စစ်ဝန်ရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ တရုတ်လူမျိုးဝန်ထမ်းတစ်ဦးကို တရုတ်နယ်စပ်မြို့ ရှန်ကျန်မှာ ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သြဂုတ် ၂၁ ရက်မှာ အတည်ပြုပြောဆိုခဲ့တာကြောင့် နဂိုကမှ ခပ်တန်းတန်းဖြစ်နေတဲ့ ပေကျင်းနဲ့ လန်ဒန်တို့ ရဲ့ ဆက်ဆံရေး ပိုမိုဆိုးဝါးလာဖွယ်ရှိနေပါတယ်။
၎င်းတို့ ရဲ့ ကိုလိုနီဟောင်း ဒေသရှိ ကောင်စစ်ဝန်ရုံးမှာ အလုပ်လုပ်နေတဲ့ ၀န်ထမ်းတစ်ဦး ထိန်းသိမ်းခံလိုက်ရတယ်ဆိုတဲ့ သတင်းတွေအတွက် အလွန်စိုးရိမ်ပူပန်ကြောင်း ဗြိတိန်က ပြောဆိုခဲ့ပါတယ်။
ဝန်ထမ်းဖြစ်သူ ဆိုင်မွန်ချန်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက အိမ်နီးချင်း ပြည်မကြီးမြို့ ရှန်ကျန်ကို ခရီးထွက်သွားပြီးနောက်ပိုင်း သြဂုတ် ၉ ရက်မှစကာ ကောင်စစ်ဝန်ရုံးကို လာရောက်တော့ခြင်းမရှိကြောင်း ဟောင်ကောင် သတင်းဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ HK01 က ၄င်းရဲ့ ချစ်သူ၊ မိသားစုတို့ နဲ့  တွေ့ဆုံမေးမြန်းခဲ့မှုကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။ ချန်ရဲ့ မိသားစုက သြဂုတ် ၂၀ ရက်ညမှာ ၄င်း ပျောက်ဆုံးနေမှုနဲ့ ပတ်သက်တဲ့ ဖေ့စ်ဘုတ်ပို့စ်တစ်ခုတင်ခဲ့ရာမှာ အလုပ်ကိစ္စတစ်ခုနဲ့  သြဂုတ် ၈ ရက်က ချန် ရှန်ကျန် ကို သွားရောက်ခဲ့တာဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။
ပေကျင်းမှာ ပြုလုပ်တဲ့ နေ့စဉ်သတင်းထုတ်ပြန်ချက်တစ်ခုအတွင်း ပြည်သူ့ လုံခြုံရေး စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေစည်မျဉ်းတွေကို ချိုးဖောက်ခဲ့မှုဖြင့် ချန်ကို ရှန်ကျန်ရဲတပ်ဖွဲ့က ၁၅ ရက်ကြာ ထိန်းသိမ်းလိုက်တာဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျန်ရှောင်က ပြောဆိုခဲ့ကာ အသေးစိတ်အချက်တွေကိုတော့ မပြောဆိုခဲ့ပါဘူး။ ချန်ဟာ တရုတ်နိုင်ငံသားတစ်ဦးဖြစ်ကြောင်း ဒါကြောင့် ဒီဖြစ်စဉ်ဟာ တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စသက်သက်သာဖြစ်ကြောင်း ကျန်က ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် ဗြိတိန်နဲ့ပတ်သက်လို့ တော့ ဟောင်ကောင်အရေး ၄င်းတို့ လုပ်ဆောင်ခဲ့မှု၊ ပြောဆိုခဲ့မှုတွေအတွက် တာဝန်ခံစေမှာဖြစ်ကြောင်း၊ တာဝန်မဲ့တဲ့ ထုတ်ပြန်မှုတွေ ရပ်တန့်ဖို့  ဟောင်ကောင် အရေး ကြားဝင်နှောင့်မှုတွေနဲ့  တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စတွေမှာ ကြားဝင်ခြေစွက်ဖက်မှုတွေကို ရပ်တန့်ဖို့  မိမိတို့ တောင်းဆိုကြောင်း ကျန်က ပြောဆိုသွားခဲ့ပါတယ်။
ချန်ကို ထိန်းသိမ်းလိုက်မှုနဲ့ ပတ်သက်ပြီး လတ်တလောမှာ မှတ်ချက်ပေးစရာမရှိကြောင်း ရှန်ကျန်ရဲတပ်ဖွဲ့က ပြောဆိုခဲ့ပါတယ်။
Ref : CNA
ကိုလင်း ( အကုန်သိ သတင်းဌာန )






0 comments:
Post a Comment