Thursday, August 22, 2019

မြန်မာနိုင်ငံတွင် အပ်ပုန်းပြဿနာကြောင့် HIV ပိုးကူးစက်ခံနေရခြင်းဖြစ်ဟုဆို

မြန်မာနိုင်ငံတွင် အပ်ပုန်းပြဿနာကြောင့် HIV ပိုးကူးစက်ခံနေရခြင်းဖြစ်ဟုဆို
မြန်မာနိုင်ငံတွင် အပ်ပုန်းပြဿနာကြီးမားနေသောကြောင့် HIV ပိုးကူးစက်ခံနေရခြင်းဖြစ်ကြောင်း ဒေါက်တာနေမျိုးအောင်က ပြောသည်။
ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် သြဂုတ်လ ၂၂ ရက်ကကျင်းပသော ကျန်းမာရေးအသိပညာပေး ဟောပြောပွဲတွင် ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
“ ကျွန်တော်တို့တိုင်းပြည်မှာ ဆရာဝန်ကထင်သလောက်မများဘူးလေ။အဲဒီတော့ အပ်ပုန်းပြဿနာက ကြီးတယ်။ ဆရာဝန်က မြို့မှာပဲနေချင်တယ်လေ။ ဒါပေမဲ့လူတွေက တောရော၊ မြို့ပါနေတယ်။အဲဒီတော့ ကျေးလက်ကလူတွေက နေမကောင်းရင်နီးစပ်ရာပေါ့။ အဲဒီမှာထိုးတယ်။ ထိုးတဲ့သူကလည်း မြို့နယ်ဆရာဝန်ကြီးဆီမှာ ၃ လခန့်လုပ်ဖူးသူဆိုတာပေါ့။ အဲဒီတော့ ကြုံရာအပ်နဲ့ထိုးတယ်။ ရန်ကုန်မှာဆို ရွာသာကြီးမှာရှိတယ်။ သူကဆေးထိုးပေးလိုက်တယ်။ နေမကောင်းဘူးဆိုရင်မသက်သာရင်ဆေးရုံသွား။ သက်သာရင်လည်းသက်သွားတယ်။ အဲဒီတော့ HIV ကူးတဲ့ပြဿနာကအပ်ပုန်းလည်းပါတယ်။ အပ်ပုန်းကြောင့် ကူးစက်ခံရတယ်’’ဟု ၄င်းကပြောသည်။
မြန်မာနိုင်ငံတွင်လူဦးရေ ၁၀၀၀၀ လျှင် ဆရာဝန်ဦးရေ ၆ ဒဿမ ၁ ဦးနှုန်းရှိပြီး မြန်မာတစ်နိုင်ငံလုံးတွင် ပျှမ်းမျှ ဆေးကုသမှုပေးသူ သုံးသောင်းကျော်ရှိကြောင်း သိရသည်။
HIV ပိုးသည် သွေးမှတစ်ဆင့် ကူးစက်နိုင်သကဲ့သို့ ရောဂါပိုးရှိသောမိခင်ထံမှ ကလေးထံသို့ ကူးစက်နိုင်ကာ အများဆုံးကူးစက်နိုင်သောနည်းလမ်းမှာ ရောဂါပိုးရှိသူနှင့် အကာအကွယ်မဲ့လိင်ဆက်ဆံခြင်း၊ ရောဂါရှိသူ၏ သွေးများ ကိုယ်ခန္ဓာအတွင်း ၀င်ရောက်ခြင်းတို့ဖြစ်ကြောင်း သိရသည်။
HIV ပိုး ခန္ဓာကိုယ်အတွင်းဝင်ရောက်သည့်အချိန်မှစ၍ ၆ လမှ ၁၀နှစ်အထိ လူကောင်းတစ်ဦးကဲ့သို့ ကျန်းမာစွာနေထိုင်နိုင်ပြီး သွေးစစ်ဆေးမှသာ HIV ရှိသည်ဟုသိရှိနိုင်ကြောင်း သိရသည်။

မင်းသီဟန် ( အကုန်သိ သတင်းဌာန )

0 comments:

Post a Comment