Friday, August 23, 2019

ကက်ရှ်မီးယားဒေသ တည်ငြိမ်အေးချမ်းရေး စိုးရိမ်ဟု ပြင်သစ်သမ္မတ ပြော

အိန္ဒိယနဲ့ ပါကစ္စတန် နှစ်နိုင်ငံကြားမှာ တည်ရှိတဲ့ ကက်ရှ်မီးယားဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ ပတ်သက်လို့ ပြင်သစ်နိုင်ငံအနေနဲ့ စိုးရိမ်နေတယ်လို့ ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခွန်းက သြဂုတ် ၂၂ ရက်နေ့မှာ ပြောပါတယ်။

ပြင်သစ်နိုင်ငံကို ရောက်လာတဲ့ အိန္ဒိယဝန်ကြီးချုပ် နရိန်ဒရာ မိုဒီနဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ မက်ခွန်းက အခုလို ပြောကြားလိုက်တာပါ။
လာမယ့်ရက်တွေမှာလည်း ကက်ရှ်မီးယားအရေးနဲ့ ပတ်သက်ပြီး ပါကစ္စတန်ဝန်ကြီးချုပ် အီမာခန်းနဲ့လည်း ဆွေးနွေးသွားဖို့ ရှိတယ်လို့ သူက ဆက်ပြောပါတယ်။
မိုဒီဟာ သြဂုတ် ၂၄ ရက်နေ့မှာ စတင်ကျင်းပမယ့် G7 ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ဖို့ ပြင်သစ်နိုင်ငံကို ရောက်လာခဲ့တာပါ။
ပြင်သစ်က အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် G7 ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ဖို့ အဖွဲ့ဝင်နိုင်ငံ မဟုတ်တဲ့ အိန္ဒိယကိုလည်း ဖိတ်ကြားထားတာပါ။
လက်ရှိမှာတော့ အိန္ဒိယအစိုးရဟာ သူအုပ်ချုပ်တဲ့ ကက်ရှ်မီးယားဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရုပ်သိမ်းပြီး အိန္ဒိယနိုင်ငံထဲ သွတ်သွင်းခဲ့တဲ့ကိစ္စကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
အိန္ဒိယအစိုးရရဲ့ ဆုံးဖြတ်ချက်ကြောင့် ကက်ရှ်မီးယားဒေသမှာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပြီး အိန္ဒိယ အစိုးရက နိုင်ငံရေးနဲ့ တက်ကြွလှုပ်ရှားသူ အယောက် ၅၀၀ ဝန်းကျင်ကို ဖမ်းဆီးခဲ့ပါတယ်။ အိန္ဒိယရဲ့ လုပ်ရပ်ကို ပါကစ္စတန်နိုင်ငံကလည်း ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပါတယ်။
DVB

0 comments:

Post a Comment