ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို နေရပ်စွန့်ခွာ ထွက်သွားခဲ့ကြတဲ့ ဒုက္ခသည်တွေဟာ သြဂုတ် ၂၅ ရက်နေ့က ဒုက္ခသည်စခန်း အမှတ် ၂၇ မှာ ဆန္ဒပြခဲ့ကြပါတယ်။
“၂၀၁၇ ဖြစ်စဉ်ကို မမေ့သေးဘူး ဆိုတာရယ်၊ အစိုးရအနေနဲ့ တာဝန်ခံမှု ဖြစ်စေချင်တာရယ်ကြောင့် အခုလို ဆန္ဒပြခဲ့ရတာ” လို့ ဒုက္ခသည်စခန်းမှ ခေါင်းဆောင်တဦးဖြစ်တဲ့ မာမတ်တာဟဲရ်က ပြောပါတယ်။
အဆိုပါဒုက္ခသည်တွေဟာ ၂၀၁၇ သြဂုတ် ၂၅ ရက်နေ့က ရခိုင်ပြည်နယ်တွင်းမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှု ဖြစ်စဉ်တွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြတာ ဖြစ်ပါတယ်။
အခုလို အကြမ်းဖက်ဖြစ်စဉ် ဖြစ်ပွားခဲ့တဲ့ ၂ နှစ်မြောက်နေ့မှာ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာရှိတဲ့ မြန်မာနိုင်ငံသံရုံးရှေ့မှာလည်း ဆန္ဒထုတ်ဖော်မှုတွေ ရှိခဲ့ပါတယ်။
မြန်မာအစိုးရနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရတို့ နှစ်နိုင်ငံ သဘောတူညီချက်နဲ့ သြဂုတ် ၂၂ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ဒုက္ခသည်တွေကို ပြန်လည်လက်ခံတဲ့ အစီအစဉ်ကို သုံးကြိမ်မြောက် လုပ်ဆောင်ခဲ့ပေမယ့် နေရပ်စွန့်ခွာသူ တယောက်မှ ပြန်ဝင်လာခြင်း မရှိခဲ့ပါဘူး။
နေရပ်စွန့်ခွာသူတွေကတော့ ရိုဟင်ဂျာကို တရားဝင် အသိမှတ်ပြုပေးဖို့၊ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့၊ ကျန်နေခဲ့တဲ့သူတွေ အားလုံးရဲ့ ရပိုင်ခွင့်နဲ့ အခွင့်ရေးကို ပြန်လည်ရရှိဖို့နဲ့ မူရင်းနေရပ်တွေမှာ ပြန်လည်အခြေချခွင့်ပေးဖို့ စတဲ့ အချက် လေးချက်ကိုလည်း တောင်းဆိုထားပါတယ်။
ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုဖြစ်စဉ်တွေအပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားတဲ့ ဒုက္ခသည် စုစုပေါင်း ၇ သိန်းလောက် ရှိတယ်လို့ ကုလသမဂ္ဂက ခန့်မှန်း ထုတ်ပြန်ထားပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် နေရပ်စွန့်ခွာသူတွေကို ပြီးခဲ့တဲ့ သြဂုတ် ၂၂ ရက်နေ့မှာ တတိယအကြိမ် ပြန်လည်လက်ခံဖို့ မြန်မာဘက်က အဆင်သင့် ပြင်ဆင်ထားပေမယ့်လည်း တဦးတယောက်မှ ပြန်လာတာ မရှိသေးပါဘူး။
DVB






0 comments:
Post a Comment