ရွှေဆိုင်များ ဝယ်ဈေး၊ ရောင်းဈေး တစ်ဈေးတည်း ပြုလုပ်သည်မှာ အဓိပ္ပာယ်မရှိဘဲ ရွှေအရည်၊ အလျော့တွက် လက်ခအပေါ် သံယယဝင်နိုင်ခြင်းကြောင့် ရွှေလုပ်ငန်းရှင်များအသင်းက စာထုတ်၍ တားမြစ်ပေးရန် တောင်းဆိုကြောင်း မန္တလေးတိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင် ပုံမှန်အစည်းအဝေး အမှတ်စဉ် ၁၀/၂၀၁၉ အစည်းအဝေး မှတ်တမ်းအရ သိရသည်။
မန္တလေး ရွှေဈေးကွက်အတွင်း သြဂုတ် ၁၆ ရက်မှစပြီး မနက်ဖြန်ပေးဆိုသော ကြိုရောင်းကြိုဝယ်စနစ် လုံးဝမပြုလုပ်ကြရန် စည်းကမ်းသတ်မှတ်လိုက်ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးတင်ထွန်းက ရွှေရောင်း၊ ရွှေဝယ်ခြင်း စနစ်ပြောင်းလဲရန်၊ ကြိုရောင်း ကြိုဝယ် (မနက်ဖြန်ပေး) ပြုလုပ်နေသော စနစ်ကို လုံးဝမပြုလုပ်ကြရန်၊ မြန်မာနိုင်ငံ နိုင်ငံရေး အခြေအနေအရ ပြုပြင်ပြောင်းလဲနေသော အချိန်တွင် ရွှေလုပ်ငန်းရှင်များကလည်း နိုင်ငံတော်အတွက် အဘက်ဘက်မှ အဆင်ပြေချောမွေ့စေရန် ကမ္ဘာ့ရွှေဈေးနှုန်း မြင့်တက်ခြင်းအပေါ် အခွင့်ကောင်းယူပြီး ဈေးနှုန်းများကို ကမ္ဘာ့ရွှေဈေးနှင့် ပြင်ပဒေါ်လာပေါက်ဈေး တွက်ချက်သည့် ဈေးနှုန်းအပေါ် လုံးဝ မရောင်း၊ မဝယ်ကြရန်၊ လိုအပ်သလောက်သာ ဝယ်ယူကြရန်နှင့် မြန်မာနိုင်ငံအတွင်း ရန်ကုန်မြို့မှအစ မြို့နယ်ပေါင်းစုံကို ရောင်းဝယ်ရာတွင် ရွှေဈေးကို ပတ်ကားလုံးဝမရိုက်ဘဲ လက်တွေ့ ရွှေငွေလဲလှယ်သော စနစ်ဖြင့်သာ ရောင်းဝယ်ကြရန် ပြောကြားသည်။
ရန်ကုန်၊ မန္တလေး ရွှေအရောင်းအဝယ်ကို ရွှေရှိငွေရှိမှ ရွှေထိ ငွေထိသာ ပြုလုပ်ရန်၊ ရွှေမပါဘဲ ကြိုပြီးလေဖြင့် အရောင်း၊ အဝယ် မပြုလုပ်ကြရန်နှင့် ကမ္ဘာ့ရွှေဈေး မည်မျှမြင့်တက်ပါစေ ကမ္ဘာ့ရွှေဈေးနှင့် ဗဟိုဘဏ် ဒေါ်လာဈေးဖြင့် မြှောက်ပြီး ၁ ဒသမ ၈၇၅ ဖြင့်စား၍ ရရှိသော တစ်ကျပ်သား ဈေးနှုန်းဖြင့်သာ အရောင်းအဝယ် ပြုလုပ်ကြရန်၊ တွက်ချက်ထားသော ဈေးနှုန်းထက်ပို၍ အရောင်းအဝယ် ပြုလုပ်သူများအား နောက်ဆုံးသတိပေးပြီး ရွှေလုပ်ငန်းရှင်များ အသင်းမှ ရွှေအသင်းသားများ စည်းကမ်းသတ်မှတ်ချက်ကို ဖောက်ဖျက်လျှင် ဖောက်ဖျက်သူကို စာရင်းပြုစုထားရန်၊ ၀ိတ်တန်းပြုလုပ်သူများအား လုံးဝလျှော့လုပ်ကြရန် ဦးတင်ထွန်းက ဆိုသည်။
၎င်းက ရွှေဆိုင်များအနေဖြင့် ဝယ်ဈေးရောင်းဈေး တစ်ဈေးတည်း ပြုလုပ်သည်ကို လုံးဝလက်မခံကြောင်း၊ အဓိပ္ပာယ် မရှိသည့်အတွက် ရွှေဆိုင်များအပေါ် ရွှေအရည်၊ အလျော့တွက်လက်ခ သံသယဝင်နိုင်ကြောင်း၊ စီးပွားရေး လုပ်သည့်အခါ အမြတ်အစွန်းရမှ မည်သည့်စီးပွားရေး လုပ်ငန်းရှင်ဖြစ်ဖြစ် လုပ်ဆောင်ကြောင်း၊ မန္တလေးမြို့သည် စီးပွားရေး အဓိကကျသည့်မြို့ဖြစ်၍ ရွှေကို မှောင်ခိုလမ်းကြောင်းဖြင့် အိန္ဒိယနှင့် တရုတ်နိုင်ငံသို့ အချိန်မရွေး ထွက်နိုင်ပြီး တရုတ်မှာ အသွားအပြန်ရှိ၍ ခံသာသော်လည်း အိန္ဒိယမှာ အသွားသာရှိ၍ အပြန်လုံးဝမရှိ၍ မရောင်းသင့်ကြောင်း ပြောကြားသည်။
မန္တလေးတိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးအောင်ဆန်းဝင်းက ရွှေဆိုင်များ ရောင်းဈေးဝယ်ဈေး တစ်မျိုးတည်း ပြုလုပ်ခြင်းကို မဖြစ်သင့်ကြောင်း ရွှေလုပ်ငန်းရှင်များအသင်းက စာထုတ်၍ တားမြစ်ပေးရန် ပြောကြားသည်။
မန္တလေးတိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်အေးကလည်း ရွှေဆိုင်ကြီး တစ်ဆိုင်က ရောင်းဈေး ဝယ်ဈေး တစ်မျိုးတည်း ပြုလုပ်ခြင်းကြောင့် ၎င်းအနေဖြင့် လိုက်လံလုပ်ဆောင်ရာတွင် အရှုံးများဖြင့် ရင်ဆိုင်နေရကြောင်း၊ လိုက်မလုပ်လျှင်လည်း ရွှေဝယ်ယူသူများက ယင်းသို့လုပ်ပေးရန် တောင်းဆိုသဖြင့် လိုက်လံလုပ်ဆောင်ရကြောင်း၊ ရွှေလုပ်ငန်းရှင်များအသင်းက စာထုတ်၍ တားမြစ်ပေးပါရန် တောင်းဆိုကြောင်း ပြောကြားသည်။
Eleven Media Group
0 comments:
Post a Comment