Tuesday, August 20, 2019

ရှုခင်းသာအိမ်ရာ လူသတ်မှုမှ တရားခံကို သတင်းပေးနိုင်သူအား ဆုငွေ ၁ဝ သိန်းချီးမြှင့်မည်

Image may contain: one or more people, people standing and outdoor

ရန်ကုန်တိုင်း သာကေတမြို့နယ် ရှုခင်းသာအိမ်ရာဝင်းအတွင်း ဖြစ်ပွားခဲ့သောလူသတ်မှုဖြစ်စဉ်တွင် တရားခံကို ငါးလခန့်ကြာမြင့်သည့်တိုင် မဖမ်းဆီးနိုင်သဖြင့် တရားခံရှိသည့်နေရာအား သတင်းပေးသူကို ဆုငွေကျပ် ၁ဝ သိန်းချီးမြှင့်မည်ဟု ဆုကြေးထုတ်ထားကြောင်း သေဆုံးသူ၏ခင်ပွန်းဖြစ်သူက ပြောသည်။

မတ် ၁၈ ရက်မွန်းလွဲပိုင်းက ရှုခင်းသာအိမ်ရာအတွင်း ဆန်နှင့်ကုန်မျိုးစုံရောင်းသည့် အိမ်ဆိုင်ဖွင့်ထား သော မမိုးသီတာဆိုသူကို အမျိုးသားတဦးက နေအိမ်အတွင်းဝင်၍ တုတ်ဖြင့်ဦးခေါင်းကိုရိုက်၍သတ်ဖြတ်ခဲ့ပြီး လက်ဝတ်ရတနာများယူဆောင်သွားသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
''ဆုငွေထုတ်တာကတော့ တရားခံကို မြန်မြန်မိစေချင်လို့ ထုတ်လိုက်ရတာ။ ကျွန်တော်တို့လည်း ပိုက်ဆံအရမ်းကြီးရှိလို့တော့ မဟုတ်ဘူး။ တရားခံကို ကျွန်တော်က အရမ်းသိချင်နေတာ။ ဘာကြောင့်လုပ် တာလဲ၊ ကိုယ့်အသိထဲကလား။ အဲဒါကို အရမ်းသိချင်နေတာ။ CCTV မှာ တရားခံပုံရိပ်ကို မမြင်ရဘူးဆိုရင် ဖြေသာသေးတယ်။ အခုက ပုံကြီးကမြင်ရတယ်။ ပုံက သိပ်ပြီးတော့ မသဲကွဲဘူးပေါ့ဗျာ။ အဲဒီလို မြင်ထားတော့ မိစေချင်တယ်ဗျာ။ ရဲတွေကတော့ သွားမေးတိုင်း စုံစမ်းနေတယ်ပဲပြောတယ်''ဟု သေဆုံးသူ၏ခင်ပွန်းကိုဝင်း ဇော်ထွန်း (ခ) ကိုပီတာက ပြောသည်။
ဇနီးဖြစ်သူအား လူသတ်တရားခံမှ နေအိမ်အတွင်း ဝင်ရောက်ရိုက်နှက်သတ်ဖြတ်ပြီး ပစ္စည်းများ ယူသွားသည်ကို နေအိမ်အပြင်ဘက်ရှိ CCTV ဖြင့် မှတ်တမ်းတင်နိုင်ခဲ့ကြောင်း၊ CCTV မှတ်တမ်းအရ လူသတ်သမား၏ပုံကိုတွေ့ရှိထားပြီး သဲကွဲစွာမြင်တွေ့ရခြင်းမရှိကြောင်း၊ ယင်းပုံဖြင့် ဆုငွေကျပ် ၁ဝ သိန်း ပေးမည့်စာစောင်များကို ရိုက်နှိပ်ထားပြီး ရက်ပိုင်းအတွင်း အများပြည်သူထံ ဖြန့်ဝေသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ယင်းအမှုဖြစ်စဉ်နှင့်ပတ်သက်၍ ''တရားခံကိုတော့ လိုက်ဖမ်းနေတုန်းပဲ။ မိတော့မှာပါ။ ဒီအမှုကို ပုဒ်မ ၃၂၅ ကနေ ၃ဝ၂ ပြောင်းပြီးတော့ အမှုဖွင့်ထားပါတယ်''ဟု အမှတ်(၁) သာကေတ မြို့မရဲစခန်းမှ တာဝန်ရှိသူတဦးကဆိုသည်။
TCM

0 comments:

Post a Comment