
မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ပြုလုပ်ခဲ့သည့် ပြင်ဦးလွင်-နောင်ချိုတိုက် ခိုက်မှုအပေါ် ပြတ်ပြတ်သားသားဆန့်ကျင်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောဆိုခဲ့ပြီးနောက် တရုတ်စစ်တပ်က သြဂုတ် ၂၁ ရက် နံနက်ပိုင်းတွင် တရုတ်-မြန်မာနယ်စပ်မြို့ဖြစ်သည့် ကျယ်ဂေါင်၌ စစ်ရေးပြမှုပြုလုပ်ခဲ့ကြောင်း သိရသည်။
၁ နာရီခန့်ကြာမြင့်သည့် ယင်းစစ် ရေးပြမှုတွင် စစ်သုံးယာဉ်စီးရေ ၅ဝ ကျော်ပါဝင်ပြီး မူဆယ်မြို့နယ်စပ် ဂိတ်ပေါက်တခုဖြစ်သည့် နန်းတော်(အလယ်ပေါက်)အနီး၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ စစ်ရေးပြမှုပြု လုပ်နေသည့်ဗီဒီယိုဖိုင်တချို့မှာ အွန်လိုင်းပေါ်တွင် ပျံ့နှံ့ခဲ့သည်။
ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်း ပညာတက္ကသိုလ် (DSTA) အပါအဝင် ပြင်ဦးလွင်နှင့် နောင်ချိုမြို့နယ်တို့ရှိနေရာ ၅ ခုကို မြောက်ပိုင်းမဟာမိတ်အဖွဲ့က သြဂုတ် ၁၅ ရက်တွင် တိုက်ခိုက်ခဲ့သည်။ ယင်းတိုက်ခိုက်မှုသည် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ထိခိုက်သဖြင့် ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က သြဂုတ် ၁၉ ရက်တွင် ပြောဆို ခဲ့ပြီးနောက် စစ်ရေးပြမှု ပြုလုပ်ခဲ့ခြင်းဖြစ် သည်။
''မူဆယ်တဖက်ကမ်းမှာ လာပြီးတော့ အင်အားပြတယ်ဆိုတာကတော့ အကြောင်းပြချက် နှစ်ချက်ဖြစ်နိုင်တယ်။ သူတို့ဘက်ကပေါ့နော်။ အကယ်၍များ ကိုယ့်ဘက်ကပစ်တဲ့ခတ်တဲ့ ကျည်ဟာဟိုဘက်ကို များကျသွားရင်တော့ တခုခု တုံ့ပြန်မလားဆိုတဲ့စဉ်းစားချက် သို့တည်းမဟုတ် ဒီဘက်က တိုက်ပွဲဝင်နေတဲ့အဖွဲ့ထဲက သူတို့နယ်ဘက်ကို ဖြတ်ကျော်မလာအောင်ဆိုတဲ့ အကြောင်းပြချက်မျိုးတော့ပေးလို့ရတယ်။ သို့သော်လည်း ကျွန်တော်တို့ အခုအချိန်ထိ တိုက်ပွဲဖြစ်စဉ်တွေကို ပြန်ကြည့်တာတော့ နယ်စပ်နားထိ မရောက်သေးဘူး။ အတွင်းဘက်မှာပဲ ထိတွေ့မှုဖြစ်တဲ့အတွက်ကြောင့် သူနေရာ ကြိုယူတဲ့ဥစ္စာကတော့ နိုင်ငံရေးအရ မေးခွန်းထုတ်စရာတော့ရှိပါတယ်''ဟု သေနင်္ဂဗျူဟာလေ့လာရေးအဖွဲ့မှ အမှု ဆောင်ဒါရိုက်တာဦးသိန်းထွန်းဦးက ပြောကြားသည်။
တရုတ်နိုင်ငံသည် တရုတ်-မြန်မာ နယ်စပ်ဒေသ၏ တည်ငြိမ်ငြိမ်းချမ်းရေးကို အလွန်အလေးထားပြီး မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အစဉ်တစိုက်ထောက်ခံကြောင်း၊ မြန်မာနိုင်ငံမြောက်ပိုင်းဒေသ၏ အပစ်အခတ်ရပ်စဲရေးအခြေအနေကို ဆက်လက်ထိန်းသိမ်းရန်လိုကြောင်းလည်း တရုတ်နိုင်ငံခြားရေးရာက ပြောဆိုခဲ့သည်။
''စစ်ရေးလှုပ်ရှားမှုလုပ်တယ်ဆိုတဲ့ အနေအထားတွေတော့ ကျွန်တော် အခုထိ အထောက်အထားက မတွေ့သေးဘူးဗျ။ အဲဒီမှာလှည့်ပတ်ပြီးတော့ လုပ်နေတာကတော့ ဒါကနေ့စဉ်လုပ်နေတာပါပဲ။ ထူးထူးခြားခြား စစ်တပ်လှုပ်ရှားမှုဆိုတာတော့ ကျွန်တော် အခုထိ မတွေ့ရသေးပါဘူး ခင်ဗျာ''ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။
တရုတ်သည် နယ်စပ်တွင် မတည်မငြိမ်ဖြစ်လာမည်ကို အမြဲတမ်းစိုးရိမ်နေခဲ့သည်။ နယ်စပ်ကုန်သွယ်ရေးအပေါ်ထိခိုက်နိုင်ခြေရှိသည့် အနေအထားများနှင့် စစ်ဘေးရှောင်များ ၎င်းတို့နယ်မြေအတွင်း တိမ်းရှောင်လာမည်ကို တရုတ်က မည်သည့်အချိန်ကမှ မလိုလားခဲ့ပေ။
၂ဝ၁၅ ခုနှစ်တွင် ကိုးကန့်ဒေသ၌ တိုက်ပွဲများဖြစ်ပွားခဲ့စဉ်ကလည်း တရုတ်စစ်တပ်က စစ်ရေးပြမှုများပြုလုပ်ခဲ့သည်။ မြန်မာနိုင်ငံဘက်မှ ပစ်လိုက်သည့် လက်နက်ကြီးအချို့တရုတ်ဘက်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး တရုတ်နိုင်ငံသားလေးငါးဦးခန့်သေဆုံးခဲ့သည်။ ယင်းဖြစ်စဉ်အပေါ် တရုတ်က ဒေါသထွက်ခဲ့သည်။ ယင်းအချိန်က နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် တရုတ်သို့သွားရောက်၍ တောင်းပန်မှုများ ပြုလုပ်ခဲ့ရပြီး လျော်ကြေးငွေများပေးခဲ့ရသည်။
''ကိုးကန့်ကိစ္စတုန်းကတော့ သူတို့ နယ်မြေထဲကို ဗမာပြည်ဘက်က ကျည်တို့ လက်နက်တို့ တစုံတရာကျလာလို့ရှိရင် သူ့ဘက်က အရေးယူမယ်ဆိုတဲ့သဘောနဲ့ တကယ်ကိုလုပ်ခဲ့တာပါ။ အခုကိစ္စကတော့ အဲဒီလိုစစ်ရေးပြမှုလို့ ကျွန်တော်မထင်ပါ ဘူး။ နောက်တခုက မြောက်ပိုင်းအဖွဲ့တွေ က တရုတ်က ရာဇသံပေးထားလို့နယ်စပ်မှာ မလှုပ်ရှားရဲလို့ အတွင်းပိုင်းဝင်ပြီးတော့ လှုပ်ရှားကြတာလို့ ကျွန်တော်ယူဆပါတယ်''ဟုလည်း ဦးသန်းစိုးနိုင်က ပြောကြားခဲ့သည်။




အောင်မှူး၊ မင်းထင်






0 comments:
Post a Comment