Thursday, August 22, 2019

မြန်မာ သတင်းအမှားလွှင့် Facebook အကောင့် ၂၀၀ ကျော် ဖော်ထုတ်ဖယ်ရှားခံရ

မြန်မာ သတင်းအမှားလွှင့် Facebook အကောင့် ၂၀၀ ကျော် ဖော်ထုတ်ဖယ်ရှားခံရ
မြန်မာနိုင်ငံ Facebook အသိုင်းအဝိုင်းမှာ အများပြည်သူထံ သတင်းအမှားများ ဖြန့်ဝေနေတဲ့ အကောင့်၊ စာမျက်နှာနဲ့ အဖွဲ့ စုစုပေါင်း ၂၁၆ ခုကို Facebook က ဖော်ထုတ်၊ ရှင်းလင်းဖယ်ရှားလိုက်ကြောင်း သြဂုတ် ၂၂ ရက်မှာ သတင်းရရှိပါတယ်။

Facebook ဟာ ယခုတစ်ခေါက်မှာတော့ အကောင့် ၈၉ ခု၊ စာမျက်နှာ ၁၀၇ မျက်နှာ၊ အဖွဲ့ ၁၅ ဖွဲ့နဲ့ အင်စတာဂရမ်အကောင့် ၅ ခုကို ဖယ်ရှားရှင်းလင်းပစ်လိုက်တယ်လို့ ၄င်းတို့ရဲ့ Blogpost မှာ ထုတ်ပြန်ထားပါတယ်။
အဆိုပါ အကောင့်၊ စာမျက်နှာနဲ့ အဖွဲ့တွေဟာ နိုင်ငံရေးနဲ့ ဒေသန္တရ အရေးကိစ္စတွေမှာ အများပြည်သူကို လွှမ်းမိုးခြယ်လှယ်ရန် မှုခင်း၊ လူမျိုးရေး၊ စစ်တပ်ဆိုင်ရာ၊ နာမည်ကျော်ကြား သူများဆိုင်ရာ သတင်းနဲ့ဖျော်ဖြေရေး အကြောင်းအရာတွေကို လိုသလို ပြင်ဆင်ပြီး တင်ဆက်ဖော်ပြနေသူတွေ ဖြစ်တယ်လို့ Facebook က ဆိုပါတယ်။
Facebook ဟာ မြန်မာနိုင်ငံတွင်း ရခိုင်ပြည်မြောက်ဖျားဆိုင်ရာ အမုန်းစကားတွေကို ထိန်းချုပ်မပေးဘူးလို့ ဝေဖန်ခံရအပြီးမှာ ဘင်္ဂါလီအရေးကိစ္စ စတဲ့ အကြောင်းချင်းရာများအတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အကောင့် အပါအဝင် မြန်မာအကောင့်ပေါင်း ရာနဲ့ချီ ဖယ်ရှား ပစ်ခဲ့ပါတယ်။
ယခုတစ်ခေါက် ဖယ်ရှားခံရတဲ့ အကောင့်တွေအနက် အချို့ဟာ ယခင်တုန်းကလိုပဲ မြန်မာစစ်တပ်နဲ့ ဆက်နွယ်နေသူတွေမှန်း ဖော်ထုတ်တွေ့ရှိခဲ့တယ်လို့လည်း Facebook က ထုတ်ပြန်ထားပါတယ်။
( Ref : Reuters )
ZHO ( အကုန်သိ သတင်းဌာန )

0 comments:

Post a Comment