Thursday, August 22, 2019

တိုင်းဧရာလွှတ်တော် ဒုဥက္ကဋ္ဌဟောင်းကို တရားစွဲဆိုဖမ်းဆီး

Image may contain: 4 people, people standing
ဧရာဝတီတိုင်းဒေသကြီး လွှတ် တော် ဒုတိယဥက္ကဋ္ဌဟောင်း ဦးစံမင်း အောင်ကို နိုင်ငံတော်ဘဏ္ဍာငွေ အလွဲသုံး စားမှုဖြင့် သြဂုတ် ၂၂ ရက်က တရားစွဲဆို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဦးစံမင်းအောင်ကို ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော်၌ အသုံးပြုမည့် ကားငါးစီး ၀ယ်ယူခဲ့ရာတွင် အလွဲသုံးစား ပြုလုပ်သည်ဟုဆိုကာ တိုင်းဒေသကြီး လွှတ်တော်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်မင်းထွန်းက တရားလိုပြုလုပ်၍ ပုသိမ်မြို့မရဲစခန်း၌ (ပ)၁၈၁/၂၀၁၉၊ ပြစ်မှုဥပဒေပုဒ်မ-၄၀၉ ဖြင့်အမှုဖွင့်တရား စွဲဆိုခဲ့ခြင်းဖြစ်ကြောင်း ဦးစံမင်းအောင်က ပြောဆိုသည်။
"အမှုကို ဥပဒေနဲ့အညီ ပြေလည်အောင် ဖြေရှင်းသွားမှာပါ။ အထောက်အထားတွေကလည်း အကုန်လုံးဥပဒေနဲ့အညီပဲ လုပ်ထားတာဆိုတော့ ဥပဒေအတိုင်း တင်ပြ ဖြေရှင်းသွားမှာပါ။ ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကိုယ် အာမခံ နိုင်ပါတယ်"ဟု တရားစွဲဆိုဖမ်းဆီးခံရသူ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဟောင်း ဦးစံမင်းအောင်က ပြောဆိုသည်။
သြဂုတ် ၂၂ ရက်က တရားစွဲဆိုဖမ်းဆီးခံခဲ့ရသည့် ဦးစံမင်းအောင်သည် ဆေးရုံတွင် လတ်တလော နှလုံးသွေးကြောကျဉ်းရောဂါ၊ အသည်းအဆီဖုံးရောဂါနှင့် လိပ်ခေါင်းရောဂါများဖြင့် ပုသိမ်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရသဖြင့် ကျန်းမာရေး အာမခံရရှိရန် လျှောက်ထားခဲ့သော်လည်း လျှောက်ထားချက်ကို သြဂုတ် ၂၈ ရက်မှ ပုသိမ်မြို့နယ်တရားရုံးက ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။
"အာမခံလျှောက်တာကို တရားရုံးကတော့ ၂၈ ရက် အမိန့်ချမယ် ပြောတယ်။ လက်ရှိကတော့ ပုသိမ်ဆေးရုံကြီးမှာပဲ ဆေးကုသမှုခံရမှာပေါ့။ လွှတ်တော်ကိုယ်စား လှယ်တစ်ယောက်ဖြစ်နေပြီး အချုပ်လွတ်ထုချေခွင့်မရရင် မဲပေးခဲ့တဲ့ ပြည်သူတွေလည်း နစ်နာတာပေါ့။ အာမခံပေးသင့်တာပေါ့။ အမှုကလည်း စာရင်းဇယားနဲ့ ဖြေရှင်းရမယ့် အမှုဆိုတော့ ဒီလိုဟာမျိုးကိုအချုပ်ကြီးနဲ့ ဖြေရှင်းရမယ်ဆိုရင် နစ်နာတာပေါ့"ဟု ဦးစံမင်းအောင်ဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဦးက ပြောဆိုသည်။
ဦးစံမင်းအောင်သည် တိုင်ကြားခံခဲ့ရပြီးနောက် NLD ပါတီက အထူးစုံစမ်းရေးအဖွဲ့နှင့် ပါတီတွင်းစစ်ဆေးပြီးသည့်နောက် ပါတီဗဟိုအလုပ်အမှုဆောင် အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ပါတီမှ ရာသက်ပန်ထုတ်ပယ်ခံခဲ့ရပြီးနောက် ၎င်းကိုယ်တိုင်နုတ်ထွက်စာတင်ခဲ့ပြီး လက်ရှိတွင် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်တွင် ဘိုကလေးမြို့နယ်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ်တော်မှ သိရ သည်။
ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ဒုဥက္ကဋ္ဌဟောင်း ဦးစံမင်းအောင်သည် အသက်(၃၈)နှစ်အရွယ်ရှိ အထက်တန်းရှေ့နေတစ်ဦးဖြစ်ပြီး ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ဘိုကလေးမြို့နယ် အမှတ် (၂ )တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ခိုင်လုံမဲ ၃၃၃၈၉ မဲဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ်တော်မှတ်တမ်းများအရ သိရသည်။
သတင်း၊ ဓာတ်ပုံ - မျိုးမင်းထွန်း(မြစ်မခ)

0 comments:

Post a Comment